
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Hud Hud) "ဟွဒ်ဟွဒ်" ဟာ အားကောင်းတဲ့ ဆိုင်းကလုန်းမုန်တိုင်းဖြစ်လာပြီး ပိုမိုအားကောင်းလာနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းရဲ့ အနောက်ဘက်မိုင် ၂၈၀ ခန့်နဲ့ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့ရဲ့ အရှေ့တောင်ဘက်မိုင် ၃၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
အားကောင်းတဲ့ ဒီဆိုင်ကလုန်းမုန်တိုင်းဟာ ပိုမိုအားကောင်းလာနိုင်ပြီး အနောက်-အနောက်မြောက် ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းရကြောင်း အောက်တိုဘာ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ထုတ်ပြန်ထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်ရွေ့လျားနေခြင်းမရှိတဲ့အတွက် အ၀ါရောင်အဆင့်လို့ သတ်မှတ်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်ကြီးနိုင်တယ်လို့ ဆိုပါတယ်။
မိုးသက်လေပြင်းကျစဉ်မှာ ရေပြင်/မြေပြင်လေဟာ ၁ နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလထုတ်ပြန်ချက်က ဆိုပါတယ်။











