DVB Logo
Home
Lead Story
စီရင်ချက်ကိုစောင့်နေသည့် အိန္ဒိယအကျဉ်းသားထောင်ချီ လွှတ်ပေးဖွယ်ရှိ
DVB
·
October 10, 2014
စီရင်ချက်ကိုစောင့်နေသည့် အိန္ဒိယအကျဉ်းသားထောင်ချီ လွှတ်ပေးဖွယ်ရှိ
Donate to DVB

အိန္ဒိယနိုင်ငံမှာ စီရင်ချက်ကို စောင့်နေတဲ့ ထောင်ချီတဲ့အကျဉ်းသားတွေကို ဗဟိုတရားရုံးက အမိန့်ချပြီးရင် လွှတ်ပေးနိုင်ဖွယ် ရှိပါတယ်။ စီရင်ချက်မချဘဲ ထောင်ထဲမှာ နေနေရတဲ့ ဘယ်တရားခံမဆို ချမှတ်မယ့် ပြစ်ဒဏ်ရဲ့ သက်တမ်းတ၀က်ကျော်လောက် ထောင်ထဲမှာ နေခဲ့ရမယ်ဆိုရင် သူ့ကို လွှတ်ပေးရမယ်လို့ ဒီနိုင်ငံရဲ့ ဗဟိုတရားရုံးက ဆိုပါတယ်။

တရားခံတဦးအဖို့ သူကျခံရမယ့် အမြင့်ဆုံးပြစ်ဒဏ်က ၃ နှစ် ဖြစ်ပြီး ရုံးချိန်းရက်ကို စောင့်ရင်း ထောင်ထဲမှာ ၁ နှစ်ခွဲလောက် နေခဲ့ရမယ်ဆိုရင် သူ့ကို လွှတ်ပေးရမယ်လို့ ဆိုလိုတာပါ။

India_Prisoners_web_672ဗဂျိုင်းကူမရိုင်းဟာ ၁၉၉၄ ခုနှစ်က အိမ်နီးချင်းတယောက်ကို သတ်မှုနဲ့ တရားစွဲခံရချိန်မှာ ကိုယ်ဝန် ၅ လ ရှိနေပါပြီ။ သူ့မှာ အပြစ်မရှိကြောင်း တမင်ထောင်ချောက် ဆင်ခံရ တာဖြစ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

"ကျမနာမည်နဲ့ ဘိုးဘွားတွေဘက်က ရထားတဲ့အမွေတွေ ရှိပါတယ်။ ဒါကို ကျမ ခင်ပွန်းဘက်က အမျိုးတွေက လောဘတက်တာပေါ့။ ဒါနဲ့ပဲ သူတို့က ကျမကို အကွက်ဆင်ပြီး အမှုပတ်အောင် လုပ်ကြတာ။ ကျမကို ကူညီမယ့်သူတယောက်မှ မရှိဘူး။ ကျမလည်း ဘာမှကို မလုပ်တော့ဘူးလေ" လို့ ကူမရိုင်းက ဆိုပါတယ်။

သူမကို လူသတ်မှုနဲ့ ပြစ်ဒဏ်ချပေမယ့် အထက်ရုံးကို ဆက်ပြီး အယူခံဝင်ခဲ့ပါတယ်။ သားလေး မွေးပြီးတဲ့နောက်မှာ ရုံးတော်က သူ့ကို အာမခံပေးခဲ့ပေမယ့် အာမခံငွေ အမေရိကန်ဒေါ်လာ ၂၀၀ မတက်နိုင်တဲ့အတွက် အယူခံအမှုက ရှုံးသွားခဲ့ပါတယ်။ သူ့သားလေး ၁၉ နှစ်သားအရွယ်ရောက်တဲ့အထိ ဒီငွေကို မပေးနိုင်ခဲ့ပါဘူး။ နောက်တော့ သားဖြစ်သူက အလုပ်လုပ်ပြီး ရလာတဲ့ငွေနဲ့ အမေဖြစ်သူကို အာမခံငွေနဲ့ ရွေးထုတ်နိုင်ခဲ့ပါတယ်။

"ကျနော်လည်း အမေကို လွမ်းလွန်းတော့ ငိုရတာပေါ့။ အမေနဲ့ အတူပြန်နေချင်တာနဲ့ ကျနော် အလုပ်စလုပ်တယ်။ နောက် ငွေလေးစုမိတာနဲ့ တရားရုံးကို ပြန်သွားရတယ်" လို့ ခန်ဟေးယာက ဆိုပါတယ်။

ဒီတခါမှာတော့ တရားရုံးက အာမခံငွေ မယူဘဲ သူမကို လွှတ်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ သူမဟာ ထောင်ထဲမှာ အနှစ် ၂၀ လောက် နေခဲ့ရပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဟာမတ်အာမီယာဟာ အသက် ၁၈ နှစ်အရွယ်က အကြမ်းဖက်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဒေလီမှာ အဖမ်းခံခဲ့ရပါတယ်။

အာမခံရဖို့ လျှောက်ထားသမျှ ပယ်ချခံခဲ့ရပြီး အပြစ်ရှိ၊ မရှိ တရားသူကြီးရဲ့ စီရင်ဆုံးဖြတ်မှာကို စောင့်ဆိုင်းရင်း ထောင်ထဲမှာ ၁၄ နှစ် နေခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ သူ့ကို ကွင်းလုံးကျွတ်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် သူ့မှာ လွတ်လာလို့ ထူးပြီး ပျော်စရာမရှိဘူးလို့ ဆိုပါတယ်။

"အမေဖို့ ဆေးထွက်ဝယ်တုန်းမှာ အဖမ်းခံလိုက်ရတာ။ အိမ်ကမထွက်ခင် အမေက ညစာအရင် စားရအောင် ပြောသေးတယ်။ ပြန်လာမှပဲ စားမယ်ဆိုပြီး ထွက်လာခဲ့တာ။ အဲဒီကတည်းက အမေနဲ့ ထမင်းလက်ဆုံ ပြန်စားနိုင်ပါဦးမလားဆိုတာ မတွေး တတ်အောင်ပါပဲဗျာ။ အဖေကတော့ ဒီစိတ်နဲ့ပဲ ဆုံးသွားတယ်။ အမေကတော့ တစက်မှ မတုန်လှုပ်ဘဲ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေသာ ကုန်သွားပြီး အမေလည်း လက်လျှော့ရမလို ဖြစ်လာတယ်။ စိတ်ဓာတ်အကျကြီး ကျလေတော့ အမေမှာ ဦးနှောက်သွေးစိမ့်တဲ့ရောဂါ ရလာတယ်။ ခုတော့ အမေက အိပ်ရာထဲ လဲနေပါပြီ" လို့ အာမီယာက ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ ထောင်ထဲ ရောက်နေတဲ့ တရားခံ ၇၀ ရာနှုန်းကျော်ကျော်ဟာ ရုံးချိန်းပြန်စမယ့် ဒါမှမဟုတ် စီရင်ချက်မယ့်ရက်ကို စောင့်နေကြရပါတယ်။

ဒေလီအခြေစိုက် ဥပဒေအင်စတီကျုက ပါမောက္ခ အာရှာရာမန်နသန်က "ဖမ်းထားတဲ့သူ ၆၀ ရာခိုင်နှုန်းက ဘာမှ အပြစ်မရှိဘူး။ ဒါတောင် တရားဝင်စာရင်း မဟုတ်သေးဘူး။ ခန့်မှန်းခြေပဲ ရှိသေးတယ်။ များသောအားဖြင့် အဖမ်းခံရတဲ့သူ ၂ မျိုးဘဲ ရှိတယ်။ တမျိုးက ဆင်းရဲလို့။ သူတို့ကတော့ အပယ်ခံလူတန်းစားတွေပေါ့။ နောက်တမျိုးကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ပါ" လို့ ပြောပါတယ်။

ခုတော့ ဗဟိုတရားရုံးက စီရင်ချရင် ကျခံရမယ့်ပြစ်ဒဏ်တ၀က်လောက် ထောင်ထဲမှာ နေခဲ့ပြီးဖြစ်တဲ့ အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

တရားရုံးက သက်ဆိုင်ရာဝန်ထမ်းတွေကို ထောင်တွေမှာသွားရောက်ပြီး ဒီအမှုတွေကို ခွဲခြားပြီး ၂ လအတွင်း အစီရင်ခံရမယ်လို့ ညွှန်ကြားထားပါတယ်။ ဒါဆိုရင်တော့ တရားခံ ၁ သိန်းနီးပါ ပြန်လွှတ်လာဖို့ ရှိပါတယ်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌဟောင်း ရှန်ကာဆင်းက "ဗဟိုတရားရုံးရဲ့အမိန့်ကို ပြဋ္ဌာန်းလိုက်တဲ့အတိုင်းသာ အတိအကျ အကောင်အထည် ဖော်မယ်ဆိုရင် အနီးကပ် စောင့်ကြည့်စစ်ဆေးမယ်ဆိုရင် အများကြီး တာသွားပါလိမ့်မယ်" လို့ ဆင်းက ပြောပါတယ်။

အကျဉ်းသားတွေနဲ့ သူတို့ရဲ့ဆွေမျိုးတွေကတော့ ဒီလှုပ်ရှားမှုကို ကြိုဆိုကြပေမယ့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ရှန်ကာဆင်းကတော့ ထောင်တွေမှာ အကျဉ်သားတွေ အရမ်းများနေလို့ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

"ဒါဘာသဘောလဲဆိုတာ နည်းနည်းလောက်စဉ်းစားကြည့်ရင်ပဲ သိနိုင်ပါတယ်။ စီရင်ချက်လဲ မချဘဲနဲ့ ထောင်ထဲမှာ ပြစ်ဒဏ်တ၀က်စာလောက် ထောင်ထဲမှာ နေရတယ်။ ခုလို လွှတ်လဲပေးရော ဒါကြီးကိုက သိပ်ကောင်းတယ်လို့ ထင်လာအောင် တမင်လုပ်တာပဲ။ လူတွေကို ထောင်ထဲထည့်ပြီး သူတို့ကို မေ့ပစ်ထားတယ်ဆိုကတည်းက ကျမတို့ တရားစီရင်ရေးစနစ်က တော်တော်ကြီးကို မှားနေပါပြီ။" စနစ်ကျတဲ့ပြောင်းလဲမှုတွေလုပ်ဖို့လိုတယ်လို့ ရာမန်နသန် ပြောပါတယ်။

အာမခံဆိုင်ရာဥပဒေတွေကို ဖြေလျှော့ပေးပြီး စစ်ဆေးစီရင်တာကို မြန်မြန်လုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ သူမကတော့ ရဲဝန်ထမ်းတွေ၊ တရားရေးဝန်ထမ်းတွေအနေနဲ့ ဘာအကြောင်းမှ မရှိဘဲ နှစ်ပေါင်းများစွာ ထောင်ထဲ အထည့်ခံရတဲ့ မိုဟာမတ်အာမီယာနဲ့ ဗဂျိုင်းကူမရိုင်းတို့လို့ အမှုတွေအတွက် တာဝန်ယူတာကို မြင်ချင်နေပါတယ်။

အာရှဒေသအစီအစဉ်အတွက် ဘစ်မီလာဂီးလန်နီက အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော်ကနေ သတင်းပေးပို့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013