အဖွင့်ပွဲ ရလဒ်ကောင်းရရန် ကြိုးစားမည်ဟု မြန်မာယူ ၁၉ နည်းပြပြော

၁၉ နှစ်အောက် အာရှလူငယ်ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းနဲ့ယီမင်အသင်းတို့ ဒီနေ့ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ပရိသတ်အားက အရေးကြီးပြီး ရလဒ်ကောင်းရအောင် ကြိုးပမ်းသွားမယ်လို့ မြန်မာအသင်းနည်းပြက ပြောပါတယ်။ မြန်မာယူ ၁၉ အသင်းဟာ ဒီပြိုင်ပွဲအတွက် ၁ နှစ်လောက် အချိန်ယူပြီး ဂျာမန်နည်းပြ ဂတ်ဖရိုင်းဒရစ်နဲ့ လေ့ကျင့်ပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ဒီနေ့ည ၆ နာရီခွဲမှာ ယီမင်အသင်းနဲ့ ရန်ကုန်မြို့သုဝဏ္ဏဘောလုံးကွင်းမှာ စတင်ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒီနေ့ ယီမင်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်နဲ့ ပက်သက်ပြီး မြန်မာအသင်းနည်းပြ ဂတ်ဖရိုင်းဒရစ်က “ဗီယက်နမ်မှာ ကစားခဲ့တဲ့ အတွေ့အကြုံအရ ပြောရရင် ပရိသတ်အားပေးမှုက အရမ်းအရေးကြီးပါတယ်။ ဗီယက်နမ်ပရိသတ်ရဲ့ အားပေးမှုကြောင့် ဗီယက်နမ်အသင်း ပိုကောင်းသွားတယ်။ မြန်မာအသင်းကိုလည်း မြန်မာပရိသတ်တွေ တခဲနက် အားပေးကြရင် မြန်မာအသင်းအတွက် အင်အားတရပ်ဖြစ်လာမှာပါ။ အဖွင့်ပွဲစဉ်တိုင်းက အခက်အခဲရှိလို့ ရလဒ်ကို ကြိုပြောလို့ မရဘူး။ ရလဒ်ကောင်းအောင် ကြိုးပမ်းသွားမှာပါ” လို့ ပြောပါတယ်။ ယီမင်အသင်းနည်းပြ အာမက်အလီကတာ့ သူတို့အသင်းအနေနဲ့ ဒီပွဲမှာ အောင်မြင်မှုရဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ “မြန်မာအသင်းအကြောင်း တော်တော်လေ့လာထားပါတယ်။ အဖွင့်ပွဲစဉ်တွေက အရေးကြီးတော့ ဒီပွဲကို ကောင်းကောင်း ကစားသွားမှာပါ။ ” အားကစားကျွမ်းကျင်သူတွေကတော့ မြန်မာအသင်း အုပ်စုချောင်တဲ့အတွက် သူတင်ကိုယ်တင် ကစားမယ်ဆို ရလဒ်ကောင်းတွေ ရနိုင်ကြောင်း ပြောဆိုကြပါတယ်။ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာရှ ယူ ၁၉  ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ အုပ်စု (က) မှာ အီရန်၊ ထိုင်း၊ ယီမင်အသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေတာပါ။ အခု ကျင်းပမယ့် ၂၀၁၄ ခုနှစ် အေအက်ဖ်စီ အာရှ ယူ ၁၉ ပြိုင်ပွဲဟာ အရေးကြီးတဲ့ပြိုင်ပွဲတခု ဖြစ်ပြီး ၂၀၁၅ ဖီဖာ ယူ ၂၀ ပြိုင်ပွဲအတွက် ခြေစစ်ပွဲလည်း ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက်တဲ့ အသင်း ၄ သင်းဟာ    ၂၀၁၅ ခုနှစ် နယူးဇီလန်နိုင်ငံ မှာ ကျင်းပမယ့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ၂၀၁၄ အာရှယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ (2014 AFC U-19 Championship) ကို အောက်တိုဘာ ၉ ရက်မှ ၂၃ ရက်နေ့အထိ  ရန်ကုန်နဲ့ နေပြည်တော်မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပြီး မြန်မာအပါအ၀င် အာရှတိုက်မှ နိုင်ငံပေါင်း ၁၆ နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်ကြမှာလဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up