DVB Logo
Home
မြန်မာသတင်း
မြန်မာကိုယ်စားလှယ်အဖွဲ့ လိပ်ကျွန်းလူသတ်မှု စုံစမ်းရေး အပြီးသတ်
DVB
·
October 8, 2014
မြန်မာကိုယ်စားလှယ်အဖွဲ့ လိပ်ကျွန်းလူသတ်မှု စုံစမ်းရေး အပြီးသတ်
Donate to DVB

ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ စွပ်စွဲခံရသူနဲ့ အစိုးရအစိုးရသက်သေကိုပါ မေးမြန်းစစ်ဆေးခွင့်ရခဲ့ပြီး သူတို့ရဲ့ ခရီးစဉ်ကို အဆုံးသတ်လိုက်ကြပါတယ်။

[caption id="attachment_67225" align="alignleft" width="300"]မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့် ထိုင်းရဲအဖွဲ့ (ဓာတ်ပုံ - မင်းဦး) မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့် ထိုင်းရဲအဖွဲ့ (ဓာတ်ပုံ - မင်းဦး)[/caption]

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးထွန်းအေး ဦးဆောင်တဲ့အဖွဲ့ဟာ တမြန်နေ့က တွေ့ဖို့တောင်းဆိုပေမယ့် မရခဲ့တဲ့ အစိုးရသက်သေ ကိုမောင်မောင်ခေါ် ကိုသန်းဆွေကို ကော့စမွီမြို့နယ်ရဲမှူးနဲ့ ဘာသာပြန်ရှေ့မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ခွင့်ရပါတယ်။

အစိုးရသက်သေ ကိုမောင်မောင်က တရားခံလို့ စွပ်စွဲခံရတဲ့ သူငယ်ချင်း ၂ ယောက်နဲ့ ဘီယာတပုလင်းစီသောက်ပြီး  ဂီတာတီးကြောင်း၊ ည ၁ နာရီမှာ သူပြန်သွားပြီး နောက်ပိုင်းဖြစ်ပျက်တာကို ဘာမှ မသိကြောင်း ပြောကြားခဲ့တယ်လို့ မေးမြန်းခဲ့တဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

“သူ့ရဲ့ ထွက်ဆိုချက်မှာ ဘီယာ ၃ လုံးဝယ်တယ်၊ ၀ယ်ပြီးတော့ ဆေးလိပ် ၁ ဘူးဝယ်တယ်၊ ဆေးလိပ် ၁ ဘူးလည်းကုန်တယ်၊ ဘီယာ ၃ လုံးလည်း တယောက် ၁ လုံးသောက်လို့ကုန်ပြီ၊ ကျနော်လည်း နားတော့မယ်ဆိုပြီး အခန်းပြန်လာတယ်။ အခန်ပြန်လာတော့ ဒီကောင်တွေ အရက်သောက်ချင်သေးတယ်လို့ ဆိုတဲ့အတွက် သူ့မှာ အတော်ကြာ သိမ်းထားပြီဖြစ်တဲ့ ၀ိုင်တပုလင်းကို ပေးလိုက်တယ်။ ပေးလိုက်ပြီးတော့ ကျနော် ဆက်မသောက်တော့ဘဲ ပြန်လာတယ်။ အဲဒီအချိန် ခန့်မှန်းချိန်ကတော့ သူပြောတဲ့အပေါ်မူတည်ပြီး ၁ နာရီလောက် ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းကြတယ်။

ဒီလူသတ်မှုနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုဖြစ်စဉ်ကို လူမှုမီဒီယာကွန်ရက်မှာ ဝေဖန်မှုတွေ ကျယ်ပြန့်ခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၇ ရက်နေ့မှာ ထိုင်းရဲအကြီးအကဲက ဒီလူငယ်တွေ သတ်ဖြတ်တယ်ဆိုတာကို သေချာကြောင်းနဲ့ စစ်ဆေးတဲ့အခါ ရိုက်နှက်မှုတစုံတရာမရှိကြောင်း ရှင်းခဲ့ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ကတော့ ကော့စမွီးအကျဉ်းထောင်မှာ ချုပ်ထားတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို အောက်တိုဘာ ၆ ရက်မှာ တွေ့ဆုံမေးမြန်းခဲ့ပြီး ကာယကံရှင်တွေက ရိုက်နှက်မှု ကျူးလွန်တယ်လို့ ၀န်ခံကြောင်း မြန်မကိုယ်စားလှယ်တွေကို ပြောဆိုခဲ့ပါတယ်။

အမှုတခုလုံး ခြုံငုံတွေ့ရှိချက်နဲ့ပတ်သက်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က “ကျနော်တို့က ပထမဆုံး စွပ်စွဲခံရတဲ့ ဗမာနှစ်ယောက်ကို သွားတွေ့ပြီး ထွက်ချက်တွေကို ရယူပါတယ်။ ရယူတဲ့အခါမှာ ကျနော်တို့ပြောသလိုပါပဲ၊ ဒီကလေးတွေ ၀န်ခံတယ်ဆိုတဲ့အချက်က နှိပ်စက်ညှဉ်းပန်းမှုကြောင့် ၀န်ခံတယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရပါတယ်။ မောင်မောင့်ကို စစ်ဆေးတဲ့ အခါမှလည်း အမှုနဲ့ပတ်သက်လို့ မြင်တာသိတာ မရှိဘူးလို့ ပြောပါတယ်။ ဒီမှုခင်း မဖြစ်ခင်မှာ သူတို့သုံးယောက်က ဘီယာသောက်ခဲ့တာကလွဲလို့ (နောက်ပိုင်း) အတူရှိမနေဘူးဆိုတာ ပြောပါတယ်။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် အမှုတွဲကို ကျနော်တို့ မလေ့လာရသေးပေမယ့် အခင်းဖြစ်နေရာကို သွားကြည့်ခဲ့တယ်၊ တရားခံတွေရဲ့ထွက်ဆိုချက်၊ နောက်ပြီးတော့ ထိုင်းရဲကနေ အထူးတရားလိုပြသက်သေထားတဲ့ မောင်မောင်တို့ရဲ့ ထွက်ဆိုချက်တွေကို ကြည့်မယ်ဆိုရင်  ဒီကလေးတွေအနေနဲ့ ပြစ်မှုကျူးလွန်တာ မတွေ့ရှိခဲ့ရပါဘူး” လို့ ပြောပါတယ်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ အာရှဒေသ လက်ထောက်ညွန်မှူး Phil Roberson က “သံသယနဲ့ ချုပ်ထားတဲ့ မြန်မာနှစ်ဦးက  အချုပ်မှာ ရဲက သူတို့ကို ညှဉ်းပန်းနှိပ်စက်တယ်လို့   သူတို့ရဲ့ရှေ့နေကို စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး သမာသမတ်ကျကျ အပြည့်အ၀၊  စုံစမ်းဖော်ထုတ်ရပါမယ်။ ဒီစွပ်စွဲချက်ပါ အချက်အလက်တွေမှန် တယ်လို့ ဖော်ထုတ်တွေ့ရှိရင် မတော်မရားပြုလုပ်မှုတွေမှာ ပါဝင်တဲ့ တာဝန်ရှိသူအားလုံးကို ရာထူးအဆင့်အတန်းမရွေး ရာဇ၀တ်မှုနဲ့ အရေးယူဆောင်ရွက်သင့်ပါတယ်” လို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကလည်း ထိုင်းနိုင်ငံအနေနဲ့ ရဲတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ တခြားမဖွယ်မရာ ကိုင်တွယ်ဆောင်ရွက်ချက်တွေ ကျူးလွန်တယ်လို့ စွပ်စွဲချက်တွေအပေါ် လွတ်လပ်တဲ့၊ ပွင့်လင်းမြင်သာတဲ့ စုံစမ်းဖော်ထုတ်မှုတွေ ပြလုပ်ပေးဖို့ ဒီကနေ့ ကြေညာချက်ထုတ် ပြန်တောင်းဆိုခဲ့ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်သောင်းကတော့ မြန်မာအစိုးရအနေနဲ့ ဒီအမှုမှာ လက်တွေ့ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်အဆင့် ရောက်မှသာလျှင် အမှုမှန်ပေါ်ပေါက်လာနို်င်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ငါတို့ လုပ်နေပြီ၊ ငါတို့ စောင့်ကြည့်နေပြီပုံစံမျိုးမဟုတ်ဘဲ ငါတို့ကိုယ်တိုင် ဒီကလေး ၂ ယောက်ရဲ့ အဖြစ်မှန်တိုင်းဖြစ်အောင် ကူညီပါတယ်ဆိုတဲ့ အကုန်အကျခံပြီးတော့မှ လုပ်မှသာ အဆင်ပြေမယ်လို့ ကျနော်ထင်တယ်။”

စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ခိုတောင် ကျွန်းကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013