DVB Logo
Home
မြန်မာသတင်း
အစိုးရတပ်ထိုးစစ်ကြောင့် ငြိမ်းချမ်းရေး နောက်ကြောင်းပြန်ဟု ရှမ်းခေါင်းဆောင် ပြော
DVB
·
October 8, 2014
အစိုးရတပ်ထိုးစစ်ကြောင့်  ငြိမ်းချမ်းရေး နောက်ကြောင်းပြန်ဟု ရှမ်းခေါင်းဆောင် ပြော
Donate to DVB

အစိုးရတပ်က တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ နောက်ကြောင်းပြန်နေကြောင်း၊ တပြည်လုံး အပစ်ခတ်ရပ်စဲရေး ကြိုးစားနေချိန် တိုက်ပွဲတွေ ဖြစ်နေတာဟာ အစိုးရတပ်ဘက်မှာ တာဝန်ရှိတယ်လို့ ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ ရှမ်းနိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

[caption id="attachment_67221" align="alignleft" width="300"]ချင်းမိုင် ၀ပ်ကူတောက်ဘုန်းကြီးကျောင်းတွင် တွေ့ရသည့် ရှမ်းခေါင်းဆောင်များ ချင်းမိုင် ၀ပ်ကူတောက်ဘုန်းကြီးကျောင်းတွင် တွေ့ရသည့် ရှမ်းခေါင်းဆောင်များ[/caption]

ချင်းမိုင်မြို့ ၀ပ်ကူတောက်ဘုန်းကြီးကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက  ကျင်းပသွားတဲ့  တိုက်ပွဲတွင်း ကျဆုံးခဲ့ရသူတွေအတွက် ရည်စူး ဆွမ်းသွပ်အမျှဝေ အခမ်းအနားမှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ရဲ့ နာယကကြီး ဗိုလ်ချုပ်ဆေးထင်နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ခွန်ထွန်းဦးတို့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရှမ်းခေါင်းဆောင်တွေ ထိုင်းနိုင်ငံကို ခရီးထွက်လာချိန် ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီး ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်ဖွဲ့ဝင် ၂ ဦးနဲ့  ရွာသား ၂ ဦးပါ လက်နက်ကြီး ထိမှန် သေဆုံးခဲ့ရပါတယ်။

အစိုးရက တပြည်လုံးအပစ်ခတ်ရပ်ရေး စာချုပ်ချုပ်နိုင်ဖို့နဲ့  နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်ရေး ဆောင်ရွက်နေစဉ်အတွင်း စစ်တပ်က  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေထဲ အင်အားအလုံးအရင်းနဲ့ ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်တာတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက်ကြောင်း ပြန်နေတာလို့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ နာယက ဗိုလ်ချုပ်ဆေးထင်က ခုလို ပြောပါတယ်။

“သူတို့ လက်တွေ့ဖော်ပြချက်တွေဟာ ငြိမ်းချမ်းရေးနောက်ကြောင်း ပြန်နေတယ်လို့ပဲ ကျနော်က တထစ်ချ ပြောချင်တယ်။ ဒီပြဿ   နာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တယ်ဆိုရင် အန်စီစီတီနဲ့ ယူပီဒဗလျူစီနဲ့ ဆွေးနွေးသင့်တယ်။ ဒီလို စစ်ရေးလှုပ်ရှားမှုတွေ မလုပ်သင့်ဘူးလို့ ကျနော်တို့ ထင်တယ်။ သူတို့ လက်တွေဆောင်ရွက်မှုတွေအရ နောက်ကြောင်းပြန်တယ်လို့ပဲ ကျနော်ပြောမယ်။”

မိမိလူမျိုးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးသွားရသူတွေ အမြောက်အမြားကို ဦးညွှတ် ဂုဏ်ပြုကြောင်း၊  ရှမ်းပြည်တပ်မတော်က အစိုးရနဲ့ သွားရောက် ဆွေးနွေးနေတာဟာ လက်နက်ချတာ မဟုတ်ဘဲ၊ တန်းတူရေး တရားမျှတရေးအတွက် ဆောင်ရွက်နေတာ ဖြစ်ကြောင်း နဲ့ ရည်မှန်းချက်အတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း၊ အခြားသော ရှမ်းအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်ဆေးထင်က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ခွန်ထွန်းဦးကလည်း တပြည်လုံး ငြိမ်းချမ်းရေးရရှိဖို့  လုပ်ချင်တဲ့ ဆန္ဒရှိရင် အောင်မြင်မှာ ဖြစ်ပြီး ငြိမ်းချမ်းရေးအဖွဲ့တွေက အဆင်သင့် ဖြစ်ကာ အဓိက တာဝန်ရှိတာက စစ်တပ်ပဲလို့ ပြောပါတယ်။

“ငြိမ်းချမ်းရေးက ကျနော်တို့ လိုချင်ပေမယ့် ဘာမှ လုပ်လို့ မရဘူး။ နည်းနည်းပါးပါးပဲ အထောက်အကူ ပြုနိုင်တယ်။ အစိုးရနဲ့ တပ်မတော်တဘက်၊ ငြိမ်းချမ်းရေးအဖွဲ့တွေက တဘက် ပေါင်းလုပ်မှ ရမှာ၊ ကျနော်တို့ကတော့ ကြားကနေ ဘေးကနေ ဆောင်ရွက်ပေးရတဲ့ အနေအထားပဲ၊ သူတို့အပေါ် မူတည်တယ်လေ။ လုပ်ချင်တဲ့ ဆန္ဒရှိရင် အောင်မြင်မယ်၊ အဓိကတာဝန်က ပွင့်ပွင့်လင်းလင်း ပြောရရင် တပ်မှာပဲ တာဝန်ရှိတယ်။ တပ်က လုပ်ချင်ရင် ရတယ်။ ငြိမ်းချမ်းရေးသမားတွေက အဆင်သင့်ဖြစ်နေပါပြီ၊ ဘက်လိုက်ပြီး ပြောတာ မဟုတ်ဘူး၊ ကျနော် လုပ်ခဲ့တဲ့ နိုင်ငံရေးအတွေ့အကြုံ ၂၆ နှစ်ပေါ် မူတည်ပြီး ပြောတာပါ။”

အခမ်းအနားမှာ ခွန်ထွန်းဦးက သူတို့ ထိုင်းနိုင်ငံကို လာရတဲ့ ခရီးစဉ်ဟာ ရှမ်းနိုင်ငံရေး ပါတီ၊ လက်နက်ကိုင်အဖွဲ့တွေအချင်းချင်း ရှမ်းပြည်နယ်ရဲ့ အနာဂတ် ကံကြမ္မာတွေ အတူ လက်တွဲပြီး ညှိနှိုင်းဆောင်ရွက်ရေးနဲ့ အခြားတိုင်းရင်းသား အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ရှမ်းပြည်နယ်ထဲမှာ အရင်ကလည်း တိုက်ပွဲကြောင့် ထိခိုက်သေဆုံးဒဏ်ရာရသူတွေ အများကြီး ရှိခဲ့ပေမယ့်လည်း ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ဟာ ရှမ်းအလုပ်သမားတွေ အများအပြား ဘုန်းကြီးကျောင်းမှာ လာရောက် ဆုံဆည်းကြကြောင်း၊ သူတို့ကို ထိုင်းနိုင်ငံရောက် ရှမ်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံစေချင်သလို   မိမိတို့ ရှမ်းပြည်နယ်တွင်း ဖြစ်ပျက်နေတဲ့ အခြေအနေကို အလုပ်သမားတွေ သိစေလိုတဲ့အတွက် ဒီအခမ်းအနားကို ကျင်းပခဲ့တာလို့   ရှမ်းလူမှုအခြေပြုအဖွဲ့ပြောခွင့်ရ နန်းခွမ်လိတ်က ပြောပါတယ်။

ဒီကနေ့ အခမ်းအနားကို ရှမ်းရွှေ့ပြောင်းအလုပ်သမား ၂၀၀ ကျော် တက်ရောက်လာကြပြီး တိုက်ပွဲတွင်း ထိခိုက်သေဆုံးရသူတွေအတွက် ဆုတောင်းခြင်းနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ဒုက္ခအပေါင်းက ကင်းဝေးစေဖို့ မေတ္တာပို့သခြင်း၊ အမှတ်တရစာစုတွေ၊ ကဗျာတွေ ရေးသားခြင်းနဲ့ စစ်ဘေးရှောင်ပြည်သူအတွက် အလှူငွေတွေ ၀ိုင်းဝန်းထည့်ဝင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013