ပြန်လွတ်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၁ ဦးသာ ပါဝင်
DVB
·
October 8, 2014
အောက်တိုဘာ ၇ ရက်နေ့က အကျဉ်းသား ၃၀၇၃ ဦးကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပေးလိုက်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခံရသူ တဦးသာ ပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
လွတ်မြောက်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူကတော့ မြစ်ကြီးနားအကျဉ်းထောင်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ဆက်သွယ်မှု၊ ဗုံးဖောက်ခွဲမှုတွေနဲ့ အကျဉ်းကျခံနေတဲ့ ဦးမာလ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မြောင်းမြထောင်က လွှတ်ပေးလိုက်တဲ့ ဒီကေဘီအေက စောမြစောကတော့ နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားတဲ့ အထဲမှာ မပါဘူးလို့လည်း ဆိုပါတယ်။
အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့ လိုသလို ဒီလို လွှတ်ပေးမှ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မှာ ဖြစ်တယ်လို့ ဦးဘိုကြည်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရင် အမေရိကန် ပြည်ထောင်စုက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ အထောက်အကူ ဖြစ်စေ တယ်လို့ သူက ပြောပါတယ်။
၂၀၁၄ ခုနှစ်မှာ ပြစ်ဒဏ်ကျခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအ၀င် နိုင်ငံရေး အကျဉ်းသား ၇၀ ကျော် ရှိ သေးတယ်လို့ နိုင်ငံရေးအကျဉ်းသားအဖွဲ့တွေက ပြောဆိုနေပါတယ်။