DVB Logo
Home
မြန်မာသတင်း
စံချိန်မမီအဆောက်အဦ အထောက်အထားဖြင့် လွှတ်တော်တင်ရန် အမတ်များ ကြိုးပမ်း
DVB
·
October 8, 2014
စံချိန်မမီအဆောက်အဦ အထောက်အထားဖြင့် လွှတ်တော်တင်ရန် အမတ်များ ကြိုးပမ်း
Donate to DVB

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေဟာ စံချိန်စံညွှန်းမပြည့်မီတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လွှတ်တော်ထံ အထောက်အထားနဲ့တင်ဖို့ စတင်ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်။

building copyအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ရဲ့ မှာကြားချက်အရ အခုလို စတင်လုပ်ဆောင်နေကြ တာဖြစ်ပြီး တချို့ကိုယ်စားလှယ်တွေ က ပြင်ဆင်နေကြ တုန်းဖြစ်သလို တချို့ကိုယ်စားလှယ်တွေက အထောက်အထားတွေ ရရှိနေကြပြီး လွှတ်တော်ဥက္ကဋ္ဌထံတင်ပြဖို့ အဆင်သင့် ရှိနေပါပြီ။

မကွေးတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက သူ့မဲဆန္ဒနယ်မှာ လွှတ်တော်တင်ဖို့ အထောက်အထား ၃ ခု လက်ထဲရှိနေပြီလို့ ပြောပါတယ်။

“ဆောမြို့နယ် အထက်တန်းကျောင်း၂ ထပ်ကျောင်းဆောင်ကြီး သိန်း ၁ ထောင်နဲ့ ၈ သိန်း သုံးထားတယ်။ အဲဒီမှာ ကန်ထရိုက်က မဟုတ်တာ လုပ်သွားတယ်။ ဒါကို ဓာတ်ပုံရိုက်ပြီး အထောက်အထားနဲ့ တင်ပါ့မယ်။ နံပါတ် ၂ က ဆောမြို့နယ်က ရွာတခုမှာ ရေကန်ကို သိန်း ၈၀ နဲ့ တူးသွားတယ်။ သူတို့ တူးတာ ၁ လလောက်ကြာတယ်ပြောတယ်။ တကယ်တမ်းတူးတာ ၃ ရက်နဲ့ တူးသွားတယ်။ အဲဒီကနေ ရေလည်း မ၀င်ဘူး၊ အကျိုးမပြုဘူးပေါ့။ ရေတကယ်ဝင်တဲ့လမ်းကြောင်းနဲ့ တလွဲတွေ လုပ်ထားတယ်။ ဖြစ်သလိုလုပ်သွားတယ်။ နောက် လမ်းက လယ်ကြီးကိုသွားတဲ့လမ်း အဲဒါက သိန်း ၇၀ နဲ့ လုပ်တယ်၊ လမ်းကြီးက လုံးဝပျက်သွားပြီ။ ဘာမှမကြာသေးဘူး လပိုင်းပဲရှိသေးတယ်၊ ပျက်သွားပြီ။ ဒါတွေကို ဓာတ်ပုံရိုက်ပြီး အထောက်အထားနဲ့ တင်ပါမယ်။”

ရှမ်းပြည်နယ်၊ လားရှိုးအမျိုးသားလွှတ်တော်အမတ် စိုင်းစံမင်းကတော့ အဆောက်အဦတွေဆောက်ထားတာ စံချိန်စံညွှန်းမီမမီ စစ်ဆေးဖို့ ပညာရှင်အကူအညီလိုတယ်လို့ ပြောပါတယ်။

“ပညာရှင်တွေလိုတယ်။ ကျနော်တို့က ပညာရှင်မဟုတ်တော့ စံချိန်စံညွှန်းမီမမီ မသုံးသပ်နိုင်ဘူး။ အဲဒါလေး ကျနော်တို့မှာ အခက်အခဲဖြစ်တယ်။ နောက်တခုက ကျနော် အင်ဂျင်နီယာတယောက်ကို မေးကြည့်တော့လည်း အဆင့်မြင့်ပညာရေးဌာနက ချပေးတဲ့ ရန်ပုံငွေက မလုံလောက်ဘူးပြောတယ်။ မလုံလောက်တော့ ဖြစ်သလိုဆောက်ရတဲ့အပိုင်းလေးတွေ ရှိတယ် သူဆိုလိုတာက၊ အဲလိုအပိုင်းလေးတွေရှိတယ်။”

ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောအောင်ကျော်နိုင်က ကရင်ပြည်နယ်ထဲ ဆောက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ တင်ဒါခေါ်တဲ့ကိစ္စက ပြဿ နာရှိနေတယ်လို့  ပြောပါတယ်။

“နောင်ချလာတဲ့ ဘတ်ဂျက်အပေါ်မှာ ဘယ်လောက်ချလာသလဲ၊ သူတို့ တင်ဒါခေါ်တာလား၊ လေလံခေါ်တာလား၊ ခေါ်လာတဲ့အပေါ်မှာ ဘယ်လောက်နဲ့ခေါ်သလဲ။ တင်ဒါရတဲ့သူက တိုက်ရိုက်ကိုယ်တိုင်လုပ်သလား၊ တဆင့် ဆောက်လုပ်ရေးကုမ္ပဏီတခုကို သူ ပြန်ထပ်ငှားသလား။ ဆိုးဆိုးရွားရွားဖြစ်တာက တင်ဒါယူလိုက်တိုင်း တင်ဒါယူသမားသည် ဆောက်လုပ်ရေးကုမ္ပဏီကိုပေးတယ်။ ဆောက်လုပ်ရေးကုမ္ပဏီက သူကိုယ်တိုင်မလုပ်ဘဲ တခြားအဆင့်ကို ပြန်ပေးတော့ ငွေတွေက တဖြည်းဖြည်း လျော့သွားတာပေါ့။”

ပြီးခဲ့တဲ့ စက်တင်ဘာလထဲ ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်တရပ်မှာ ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဆောက်လုပ်ရေးလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီတွေဟာ ခါတော်မီကုမ္ပဏီတွေဖြစ်ပြီး ဆောက်ထားတဲ့ အဆောက်အဦတွေကလည်း စံချိန်စံညွှန်းမမီဘူးလို့ ထုတ်ပြောခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ သီတင်းကျွတ်ကာလ လွှတ်တော်နားတုန်း နယ်မြေဆင်းကြတဲ့အခါ စံချိန်စံညွှန်းမမီတဲ့ အဆောက်အဦတွေ၊ လမ်းတံတားတွေတွေ့ရင် ဓာတ်ပုံ စတဲ့ အထောက်အထားတွေနဲ့ သူ့ဆီပေးဖို့ လမ်းညွှန်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ အထောက်အထားနဲ့ တင်ပြချက်တွေကို လွှတ်တော်ဥက္ကဋ္ဌက သမ္မတထံ တိုက်ရိုက်ပေးပို့သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013