DVB Logo
Home
မြန်မာသတင်း
လူသတ်မှုဖြစ်ပွားသည့် လိပ်ကျွန်းကို မြန်မာသံရုံးနှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှု
DVB
·
October 7, 2014
လူသတ်မှုဖြစ်ပွားသည့် လိပ်ကျွန်းကို မြန်မာသံရုံးနှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှု
Donate to DVB

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဒုတိယအတွင်းဝန် ဦးထွန်းအေး ဦးဆောင်တဲ့အဖွဲ့ဟာ လူသတ်မှု အခင်းဖြစ်ရာ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ထဲက လိပ်ကျွန်းလို့ လူသိများတဲ့ ခိုတောင်ကျွန်းကို သွားရောက်ပြီး မြန်မာလုပ်သားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကောစမွီမြို့နယ်ကနေ မော်တော်ဘုတ်နဲ့ ၃ နာရီကြာသွားရတဲ့ ခိုတောင် လိပ်ကျွန်းပေါ်က   အခင်းဖြစ်ရာနေရာကို သွားရောက်ကြည့်ရှုပြီး ကျွန်းပေါ်က မြန်မာတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

[caption id="attachment_67091" align="alignright" width="300"]တရားခံအဖြစ်စွပ်စွဲခံထားရသည့် ဝင်းဇော်ထွန်း၏ သူငယ်ချင်းကို မြန်မာသံရုံး တာဝန်ရှိသူများ တွေ့ဆုံစဉ် (ဓာတ်ပုံ - မင်းဦး) စစ်ဆေးမေးမြန်းခံခဲ့ရသည့် မြန်မာအလုပ်သမားတဦးကို မြန်မာသံရုံး တာဝန်ရှိသူများ တွေ့ဆုံမေးမြန်းစဉ်။ (ဓာတ်ပုံ - မင်းဦး)[/caption]

ဒီမတိုင်ခင်က ခြင်းခတ်နေတဲ့ အလုပ်သမားတချို့ကို ထိုင်းရဲက ဖမ်းဆီးပြီး တရားခံ တွေ့မတွေ့ စစ်ဆေးမေးမြန်းရာမှာ ရေနွေးပူလောင်း စစ်ဆေးခံရတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရကြောင်း၊ အဓိကမှာ ဘာသာပြန်ရာမှာ နားလည်မှုတွေ လွဲမှားလို့ ဖြစ်ရကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ကလေးတွေက အမှုနဲ့ မပတ်သက်ပါဘူး။ ရဲက ခေါ်စစ်လို့ခံရတဲ့ကလေးတွေပါ။ ကလေးတွေ ပြန်ပြောပြတာက ခြေသလုံးပေါ်မှာ သံလုံးနဲ့လှိမ့်တာတို့ ရေနွေးပူနဲ့လောင်းတာတို့၊ ဒါပေမယ့် ဒီနေရာမှာ စိတ်မကောင်းစရာ တချက်တွေ့ရတာက ကလေးတွေက ၀န်မခံတဲ့အချိန်မှာ ဘာသာပြန်လုပ်တဲ့သူက ကလေးတွေ နားမလည်တဲ့ ထိုင်းစကားနဲ့ မင်းတို့ကို ရေနွေးပူနဲ့လောင်းလိုက်ရမလားလို့ ပြောပါတယ်။ အဲဒီအခါမှာ ရဲက ရေနွေးပူလောင်းတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ ”

မြန်မာ ကိုယ်စားလှယ်အဖွဲ့က ရေနွေးပူလောင်း ရိုက်နှက်စစ်ကြောခံရသူတွေကို လူတွေ့  တွေ့ဆုံဖို့ကြိုးစားပေမယ့် မရခဲ့ကြောင်းနဲ့ ရဲတွေနဲ့ အတူသွားရတာမို့ အလုပ်သမားတွေက ပွင့်ပွင့်လင်းလင်းမပြောရဲကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

“ရေနွေးပူအလောင်းခံရတဲ့ မြန်မာအလုပ်သမားတွေနဲ့ မတွေ့လိုက်ရဘူး။ ဖုန်းလည်း ဆက်သွယ်လို့ မရခဲ့ဘူး။ ထောင်ထဲ ရောက်နေတဲ့ အလုပ်သမားတွေ၊ အနားမှာနေတဲ့ အလုပ်သမားတွေဆီက ဖုန်းတွေကို အာဏာပိုင်တွေ သိမ်းထားတယ်၊ ပတ်စ်ပို့တွေကို သိမ်းထားတယ်။ ကျနော် လွတ်လွတ်လပ်လပ် တွေ့ပြီး မေးတာတောင် သူတို့က ဘာမှ မပြောရဲ မဆိုရဲ ဖြစ်နေတာ တွေ့ခဲ့ရတယ်။ တခြားအလုပ်သမားတွေ အတော်များများလည်း ကျနော်တို့က ပုလိပ်တွေနဲ့အတူ သွားလာနေရတဲ့အတွက် သူတို့လည်း ရေရေရာရာ ဘာမှမပြောရဲ၊ မဆိုရဲကြဘူး။”

ကျွန်းပေါ်က မြန်မာတချို့ကို မေးမြန်းတဲ့အခါ သတင်းအချက်အလက်ကိုသာ ပြောပြပြီး အန္တရာယ်ရှိနေတာကြောင့် အမည်ရော၊ နာမည်ပါ မပေးသုံးဖို့ မေတ္တာရပ်ခံကြပါတယ်။

သူတို့တွေကို ထိုင်းရဲက မသင်္ကာရင် ခေါ်ယူစစ်ဆေး ရိုက်နှက်ညှဉ်းဆဲမှာစိုးတဲ့အတွက် အနေအထိုင် အသွားအလာ အထူးဆင်ခြင်နေရကြောင်း၊ အထူးသဖြင့် ညဆိုအပြင် မထွက်ရဲတော့ကြောင်း၊ ဖုန်းကိုင်တဲ့လူတွေ အင်တာနက်ကစားတဲ့ လူတွေလည်း စောင့်ကြည့်တာခံရတဲ့အတွက် ခိုးသုံးနေရတယ်လို့ အမည်မဖော်လိုသူ အလုပ်သမားတဦးက ပြောပါတယ်။

ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအဖွဲ့ဝင် ကိုမင်းဦးက သူတို့အဖွဲ့ကို ခိုတောင် ရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်တဲ့နေရာတွေ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း၊ အလုပ်သမားစာကြည့်တိုက်က တာဝန်ခံတွေနဲ့ တွေ့ဆုံပြီး မေးမြန်းခဲ့ကြောင်း၊ ဒေသခံနဲ့ အလုပ်သမားတွေက လူသတ်မှုမှာ မြန်မာလူငယ် ၂ ဦး သတ်တယ်လို့ မယုံကြည်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်မှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အတွင်းဝန် ဦးထွန်းအေး၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်၊ ရှေ့နေအဖွဲ့နဲ့ ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အဖွဲ့ဝင်တွေ သွားရောက်ခဲ့ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ကလည်း လူသတ်မှုကျူးလွန်တယ်လို့ ထိုင်းရဲက ထုတ်ဖော်ပြသခဲ့တဲ့ ရခိုင်လူငယ် ၂ ဦးကိုလည်း ကော့စမွီအကျဉ်းထောင်မှာ  အောက်တိုဘာ ၆ ရက်နေ့က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာမှာ စွပ်စွဲခံရသူ ၂ ဦးက အမှုကို လိုက်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ကိုယ်စားလှယ်လွှဲအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013