
အစိုးရတပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပေါ် ထိုးစစ်ဆင်မှုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိခိုက်စေတဲ့အတွက် ထိုးစစ်တွေ ရပ်တန့်ဖို့ ယူဒဗလျူ အက်စ်အေ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီ ( မိုင်းလား) တို့က ပူးတွဲတောင်းဆို လိုက်ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တပြည်လုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေးနေတဲ့ကာလအတွင်း တိုးတက်မှုတွေ ရှိပေမယ့် တဘက်က ထိုးစစ်ပြန်ဆင်နေလို့ ငြိမ်းချမ်းရေးရယူနိုင်ဖို့ အခြေအနေမကောင်းတဲ့အတွက် အောက်တိုဘာလ ၅ ရက်နေ့ နေ့စွဲနဲ့ ပူးတွဲထုတ်ပြန်ကြေညာလိုက်တာလို့ ယူဒဗလျူအက်စ်အေ ၀ပြည်သွေး စည်းညီညွတ်ရေးပါတီ ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။
“ငြိမ်းချမ်းရေး ဆွေးနွေးနေမှုကာလအတွင်း ဘက်စုံကလည်း အများကြီး တိုးတက်မှု ရှိတယ်။ ဒီအချိန်မှာ စစ်ရေးအရ ထိုးစစ်ဆင်မှုက တောင်းပိုင်းမှာရော၊ ရှမ်းပြည်မှာရော ဆက်တိုက်ဖြစ်လာတယ်။ ငြိမ်းချမ်းရေး ရယူဖို့ အဲဒါ အခြေအနေ မကောင်းဘူး။ အပစ်အခတ် ရပ်စဲရေးကမရ၊ နိုင်ငံရေး ဆွေးနွေးပွဲက မလုပ်ဖြစ်ဆိုရင်တော့ ငြိမ်းချမ်းရေးက ကြန့်ကြာနေမှာပေါ့။ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်ကြီး ရပ်စဲဖို့ဟာ ကျနော်တို့ရဲ့ ရည်မှန်းချက်၊ မျှော်လင့်ချက်ပါ။”
အထူးသဖြင့် အောက်တိုဘာ ၂ ရက်ကနေ ၅ ရက်နေ့တွေအတွင်း အစိုးရတပ်က အင်အားထောင်နဲ့ချီပြီး ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အဖွဲ့ကို လက်နက်ကြီးတွေ မော်တာတွေနဲ့ ပစ်ခတ်တာ၊ နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရာရတာတွေဟာ အရပ်သားတွေကို ထိတ်လန့်တုန်လှုပ်စေသလို တပြည်လုံးရဲ့ ငြိမ်းချမ်းရေးခရီးစဉ်ကိုလည်း ရိုက်ခတ်စေတယ်လို့ သူကဆက်ပြောပါတယ်။
ဒါကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြည်တွင်းငြိမ်းချမ်းရေးကို ပျက်ပြားစေတဲ့ ပြုမူဆောင်ရွက်ချက်တွေကို ဆန့်ကျင်ရှုတ်ချကြောင်း၊ ရန်လိုရန်မူတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ချက်ချင်းရပ်စဲဖို့၊ အစိုးရတပ်က အောက်တိုဘာ ၂ ရက်နေ့နောက်ပိုင်း သိမ်းပိုက်နေရာယူထားတဲ့ စခန်းတွေ နေရာတွေကနေ ဆုတ်ခွာပေးဖို့နဲ့ သက်ဆိုင်ရာတပ်တွေအနေနဲ့ တပြည်လုံး ငြိမ်းချမ်းတည်ငြိမ်မှုပေါ် အလေးထားပြီး ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ တောင်းဆိုထားပါတယ်။











