DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး ဒေသတွင်းမှာ အမြင့်ဆုံးနှုန်းနှင့် တိုးတက်မည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
DVB
·
October 6, 2014
မြန်မာ့စီးပွားရေး ဒေသတွင်းမှာ အမြင့်ဆုံးနှုန်းနှင့် တိုးတက်မည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
Donate to DVB

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုဟာ အနည်းငယ် နှေးကွေးနေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကတော့ အခုနှစ်နဲ့ လာမယ့်နှစ်တွေမှာ ဒေသတွင်း အမြင့်ဆုံးနှုန်းနဲ့ တိုးတက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းလိုက်ပါတယ်။

မြန်မာအပါအ၀င် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသနိုင်ငံတွေရဲ့ နောက်ဆုံး စီးပွားရေး အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က အောက်တိုဘာ ၆ ရက် နေ့စွဲနဲ့ သတင်း ထုတ်ပြန်လိုက်တာပါ။

World Bankမြန်မာနိုင်ငံမှာ မူဝါဒရေးရာနဲ့ အဖွဲ့အစည်း အသင်းပင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်လာတာ၊ နိုင်ငံတကာနဲ့ ပြန်လည်စေ့စပ်ညှိနှိုင်း လုပ်ကိုင်လာတာတွေကြောင့် အခုနှစ်နဲ့ လာမယ့် ၂၀၁၅ ခုနှစ်တွေမှာ စီးပွားရေးတိုးတက်မှုက ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတာပါ။

ဒေသတွင်းနိုင်ငံတွေထဲမှာတော့ မလေးရှားနိုင်ငံက စီးပွားရေးတိုးတက်မှု ၅ ဒသမ ၇ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားက ၅ ဒသမ ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၇ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ဖိလစ်ပိုင်က ၆ ဒသမ ၄ ရာခိုင်နှုန်း ဒီနှစ်မှာ ရှိမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံကတော့ စီပွားရေးတိုးတက်မှု ဒီနှစ်မှာ ၇ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး လာမယ့် ၂၀၁၅ မှာ ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အရှေ့အာရှဒေသတခုလုံးရဲ့ စီးပွားရေးကတော့ ၂၀၁၃ ခုနှစ်က ၇ ဒသမ ၂ ရာခိုင်နှုန်းရှိရာက ဒီ ၂၀၁၄ ခုနှစ်မှာ ၆ ဒသမ ၉ ရာခိုင်နှုန်းကို ကျင်းဆင်းသွားပေမယ့် ဒီဒေသဟာ ကမ္ဘာမှာ စီးပွားရေး အလျင်အမြန် တိုးတက်ဆုံးဒေသအဖြစ် ဆက်ရှိနေတုန်း ပဲလို့လည်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ဟာ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသနိုင်ငံတွေရဲ့ စီးပွားရေး ပြန်လည် ဆန်းစစ်သုံးသပ်ချက် အစီရင်ခံစာကို ၁ နှစ် ၂ ကြိမ် ထုတ်ပြန်တာပါ။

မြန်မာ့ဓန အယ်ဒီတာချုပ်ဟောင်း ဦးသီဟစောကတော့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့ စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်နဲ့ ပတ်သက်ပြီး “သူတို့ကတော့ ၈ ဒသမ ၅ တို့ ၉ ရာခိုင်နှုန်းတို့ ခန့်မှန်းထားတာ၊ အဲဒီလောက်အထိ တက်မယ်ပြောတာပေါ့။ ဒါပေမယ့် ဖြစ်နိုင်ချေရှိလားဆိုတော့ ဖြစ်နိုင်ချေတော့ ရှိပါတယ်။ ကျနော်တို့က အခုမှ စပြီးတော့လုပ်တဲ့အခါမှာ တကယ်တမ်း ပြောရရင် တကယ်တက်သွားလို့ ဖြစ်လာတဲ့ ပမာဏလည်းရှိမယ်။ တချို့ဟာတွေက ဖုံးကွယ်နေတဲ့ အရင်တုန်းက ပွင့်လင်းမြင်သာမှု မရှိလို့ပျောက်နေတဲ့ ပိုက်ဆံတွေလည်း ရှိမယ်။ အဲဒါတွေ ပေါင်းလိုက်မယ်ဆိုရင်တော့ တကယ်ကို ၈ ရာခိုင်နှုန်း ၉ ရာခိုင်နှုန်း ရှိကောင်း ရှိနိုင်ပါတယ်”လို့ ပြောပါတယ်။

ဒါ့ပြင် စီးပွားရေးတိုးတက်မှုနှုန်းတိုးမြင့်လာတာကောင်းပေမယ့် မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ စီးပွားရေး အမှန်တကယ်ကောင်းလာအောင်လုပ်ပေးဖို့နဲ့ ဆင်းရဲချမ်းသာ ကွာဟမှုကို လျော့နည်း အောင် လုပ်ဖို့တော့ အလွန်အမင်း လိုအပ်နေသေးတယ်လို့လည်း ဦးသီဟစော ကပြောပါတယ်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(အိတ်ခ်ျအာရ်ဒဗလျူ)ကတော့ ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံအတွက် ဆောင်ရွက်မယ့် မဟာဗျူဟာ အစီအစဉ်သစ်တွေမှာ လူ့အခွင့်အရေးကိစ္စကိုလည်း ချန်မထားဘဲ ထည့်သွင်းလုပ်ဆောင်ဖို့ ဒီကနေ့ ကမ္ဘာ့ဘဏ်ကို တင်ပြတဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ပြဿ နာတွေဖြစ်တဲ့ လူနည်းစု တိုင်းရင်းသားတွေ အပေါ် နှိပ်စက်မှု၊ ခွဲခြားနှိမ်ချဆက်ဆံမှုတွေ၊ အလုပ်သမားနဲ့ လယ်သမာ အခွင့်အရေးနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျန်ကင်အနေနဲ့ ၀ါရှင်တန်မှာ မြန်မာအစိုးရ ဘဏ္ဍာရေးဌာန တာဝန်ရှိသူတွေနဲ့ အောက်တိုဘာ ၁၀ ရက်နေ့ တွေ့ဆုံတဲ့အခါ အလေးထားပြောသင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

အိတ်ခ်ျအာရ်ဒဗလျူက အကြီးတန်းသုတေသီတဦးဖြစ်တဲ့ ဂျက်ဆီကာ အီဗန်စ်(Jessica Evans)ကတော့ ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ဆန်းစစ်သင့်တယ်။ ရွေးကောက်ပွဲဟာ မြန်မာပြည် ပြုပြင်ပြောင်းလဲရေး အားထုတ်မှုမှာ သမိုင်းမှတ်တိုင်ဖြစ်ကောင်းဖြစ်မယ် ဒါမှမဟုတ် အရေးပါတဲ့ နောက်ပြန်မှု ဖြစ်ချင်ဖြစ်မယ်။ ပြီးတော့ ကမ္ဘာ့ဘဏ်အနေနဲ့ စေ့စပ်ညှိနှိုင်းဖို့ အကောင်းဆုံးလမ်းကြောင်းကို ချမှတ်ဖို့ လိုပါလိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ကမ္ဘာ့ဘဏ်ဟာ ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှုတွေ မလုပ်ခင် ၁၉၈၇ ခုနှစ်ကတည်းက ဘဏ္ဍာငွေကြေးထောက်ပံ့မှု မပေးပဲ ထားတာ ဖြစ်ပြီး သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားတပိုင်းအစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီတွေ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစလို့ ပြန်ပေးအပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013