Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေး ဘန်ကီမွန်းစိုးရိမ်
DVB
·
October 3, 2014
မြန်မာနိုင်ငံမှာ တိုင်းရင်းသားအရေးနဲ့ ဘာသာရေး တင်းမာမှုတွေအပေါ် အထူး စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီကို တင်သွင်းတဲ့ ဘန်ကီမွန်းရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ မြန်မာဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေအပေါ် အစိုးရရဲ့ ကြိုးပမ်းမှုကို ချီးကျူးပြောဆိုလိုက် ပေမယ့် ရခိုင်ပြည်နယ် အခြေအနေတွေကတော့ စိုးရိမ်ရတယ်လို့ ဘန်ကီမွန်းက ပြောပါတယ်။ Bankimoon_Photo_UNရခိုင်ပြည်နယ်မှာ မတူညီတဲ့ လူမျိုးစုတွေအကြား ဘာသာရေးအဓိကရုဏ်း ဖြစ်ပွားခဲ့သလို ဒုက္ခသည်စခန်းက အခြေအနေတွေက ဆိုးဝါးနေတယ်လို့ သူက ဆိုပါတယ်။ "အကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့သူတွေအပေါ် အရေးယူဆောင်ရွက်ဖို့ မြန်မာအစိုးရက ထပ်ခါ တလဲလဲ ခိုင်ခိုင်မာမာ ပြောဆိုနေပေမယ့် အောက်ခြေမှာတော့ လုံလုံလောက်လောက် ဆောင်ရွက်ပေးတာ မရှိပါဘူး” လို့ ဘန်ကီမွန်းက ပြောပါတယ်။ ရခိုင်ပြည်နယ်အခြေအနေတွေက စိုးရိမ်ပူပန်မှုတွေကို ဆက်လက် ဖြစ်ပေါ်နေသလို နိုင်ငံတကာနဲ့ ဒေသတွင်းကို သတိပေးနေပြီး မြန်မာခေါင်းဆောင်တွေရဲ့ ကန့်ကွက်မှုတွေက အခြေအနေကို မတိုးတက်စေဘူးလို့ သူက ပြောပါတယ်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် မူစလင်အများစုအပါအ၀င် ဒုက္ခသည် ၁ သိန်း ၄ သောင်းနီးပါး အိုးအိမ်တွေစွန့်ခွာပြီး နေရာပြောင်းရွှေ့ခဲ့ရ ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးချယ်မခံနိုင်အောင် တားမြစ်ထားတဲ့ အတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် စိုးရိမ် ပူပန်မိတယ်လို့ လည်း ဘန်ကီမွန်းရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါပေမယ့် အရင် ၃ နှစ်တာကာလအတွင်း သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ စီးပွားရေးတိုး တက်မှုတွေ အပေါ်ကိုတော့ သူက ချီးကျူးပြောဆိုလိုက်ပါတယ်။ လာမယ့် သတင်းပတ်တွေမှာ ကမ္ဘာ့နိုင်ငံတွေရဲ့ လူ့အခွင့်အရေးတွေကို အထူးအလေးပေး ဆောင်ရွက်နေတဲ့ ကုလသမဂ အထွေထွေညီလာခံရဲ့ တတိယ ကော်မတီက ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ လူ့အခွင့်အရေးပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ညီမျှခြင်းမြန်မာက ဒါရိုက်တာ ဦးအောင်မျိုးမင်း ကတော့ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။ “ဦးဝဏ္ဏမောင်လွင် ပြောကြားချက်က တကယ်တမ်း လူ့အခွင့်အခြေအနေကို ကောင်းကောင်း မွန်မွန် လေ့လာသုံးသပ်ပြီးတော့ အဖြစ်အပျက်အမှန်ကို သိတဲ့လူတယောက်ဆိုရင် ဒီလိုပြောမှာ မဟုတ်ဘူးခင်ဗျ။ ဒါမှမဟုတ် အဖြစ်အပျက်အမှန်တွေကို ဖုံးကွယ်ပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာ အာရုံစိုက်မှုကို လျော့ဖို့အတွက် လုပ်ဆောင်တဲ့ ရည်ရွယ်ချက်နဲ့ ပြောတယ်လို့ပဲ ထင်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးတွေက တိုးတက်လာသယောင်ရှိပေမယ့် တကယ်တမ်းပြောရရင် အစစ်အမှန်အတိုင်း တိုးတက်သေးတာ မဟုတ်သေးပါဘူး။ တိုးတက်မှု တစုံတရာ ရှိရပေမယ့် တကယ့်ကို ဖြစ်သင့်သလောက် နိုင်ငံတကာစံချိန်နဲ့ မီသော တိုးတက်မှုလို့ ကျနော်သတ်မှတ်လို့ မရသေးတဲ့အတွက် အခုလိုမျိုး မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂရဲ့ တတိယကော်မတီမှာ ဆွေးနွေးတာတွေ၊ လူ့အခွင့်အရေးကော်မတီမှာ ထည့်သွင်းဆွေးနွေးမှုက အခုအချိန်အထိ လိုအပ်နေသေးပါတယ်။” မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ မြန်မာလူ့အခွင့်အရေး အခြေအနေတွေက တိုးတက်လာပြီဖြစ်တဲ့အတွက် လူ့အခွင့်အရေးကောင်စီနဲ့ တတိယ ကော်မတီမှာ ဆွေးနွေးဖို့ မသင့်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024