DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားဖြစ်သူသာ ပါတီထောင်ခွင့်ရမည့် ဥပဒေ သမ္မတ ထုတ်ပြန်
DVB
·
October 2, 2014
နိုင်ငံသားဖြစ်သူသာ ပါတီထောင်ခွင့်ရမည့် ဥပဒေ သမ္မတ ထုတ်ပြန်
Donate to DVB

နိုင်ငံသားဖြစ်သူသာ ပါတီထောင်ခွင့်ရမယ့်  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို စက်တင်ဘာ ၃၀ ရက်ရက်စွဲနဲ့  သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။

u thein seinဥပဒေနာမည်အပြည့်အစုံက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေဖြစ်ပြီး ဒီဥပဒေအရ နိုင်ငံသားဖြစ်သူတွေသာ ပါတီထောင်ခွင့်ရတော့ မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ညွှန်ကြားရေးမှုး ဦးသောင်းလှိုင်က ပြောပါတယ်။

“နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်းဆိုပြီး ပါတယ်။ အခုအရဆို ရှင်းရှင်းလေးပဲ၊ နိုင်ငံသားတမျိုးပဲ တည်ထောင်သူထဲမှာ ပါတယ်။ သူက မှတ်ပုံတင်ကတ်ဆိုရင် ၄ ကတ် ရေးထားတာ။ အခု တကတ်ပဲ ရေးမယ်။ နောက်တခုက ပါတီဝင်ခွင့်ကျတော့ မူလ ၄ ယောက်ရှိတယ်။ အဲထဲမှာ နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း ဆိုတဲ့ ဒီပုဂ္ဂိုလ် နှစ်ခုတည်း ပါတီဝင်ဖြစ်ခွင့်ရှိတယ်။ ၁၀ က မှာ မူလက ပါတီဝင်များကို စည်းရုံးရာတွင် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများကိုသာ ပါတီဝင်အဖြစ် စည်းရုံးလို့ရမယ်ဆိုပြီး ပြောထားတယ်။ ခုနက ၄ မျိုးပေါ့။ အခုက ၂ မျိုးပဲ ရှိတော့တယ်။ နိုင်ငံသားနဲ့ နိုင်ငံသား ပြုခွင့်ရသူ ဖြစ်ခြင်းဆိုတဲ့ ဒီနှစ်ယောက်ပဲ စည်းရုံးလို့ရတယ်။ မူလက တည်ထောင်တဲ့ထဲမှာ နိုင်ငံသားတွေရော၊ ဧည့်နိုင်ငံသားတွေရောနဲ့ နိုင်ငံသားပြုခွင့်ရသူတွေနဲ့ပါနေရင် နိုင်ငံသားတွေနဲ့ ပြန်လုပ်ပါ၊ ပြန်ပြီး အစားထိုးလဲလှယ်ပါ။ ဒါကတော့ကျနော်တို့ သူတို့ကို အချိန်ပေးရမယ်။”

သမ္မတလက်မှတ်ထိုးထုတ်ပြန်လိုက်တဲ့ အခု ဥပဒေအရ ရွေးကောက်ပွဲကော်မရှင်နည်းဥပဒေကို ဒီဥပဒေနဲ့အညီ ပြန်လည်ပြင်ဆင်ရေးဆွဲရမယ်လို့လည်း ညွှန်မှုး ဦးသောင်းလှိုင်က ပြောပါတယ်။

ရန်ကုန်က  ဥပဒေရေးရာကျွမ်းကျင်သူ တရားလွှတ်တော်ချုပ်ရှေနေ ဦးကိုနီက မြန်မာနိုင်ငံမှာ  နိုင်ငံသားဆိုတာကို အမျိုးအစားအများကြီးခွဲခြားထားလို့  သမ္မတ အခုလက်မှတ်ထိုးထုတ်တဲ့ ဥပဒေသစ်ဟာက အရာရာကို ခြုံငုံမိပါ့မလားလို့ မေးခွန်းထုတ်ပါတယ်။

“ကျနော်တို့တိုင်းပြည်မှာ နိုင်ငံသားနဲ့ ပတ်သက်ရင် ပြောစရာတွေက အတော်လေးရှိနေတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိတည်ဆဲဥပဒေက ၁၉၈၂ နိုင်ငံသားဥပဒေ။ အဲဒီဥပဒေမှာ နိုင်ငံသားအမျိုးအစားကို အများကြီးပဲ ခွဲထားတယ်။ တိုင်းရင်းသားမှ ဖြစ်သော နိုင်ငံသား၊ ဥပဒေအရဖြစ်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နောက် သံသယနိုင်ငံသားဆိုပြီး ၅ မျိုးခွဲထားတယ်။ အဲလိုခွဲထားတဲ့အပြင် လက်ရှိအခြေခံဥပဒေ ပုဒ်မ ၁၂၀ မှာ ရွေးကောက်ပွဲ ၀င်လို့ရတဲ့ နိုင်ငံသားနဲ့ ၀င်လို့မရတဲ့ နိုင်ငံသားဆိုပြီး ထပ်ခွဲပြန်သေးတယ်။ ဒါ့အပြင် ပုဒ်မ ၅၉ မှာ သမ္မတဖြစ်ချင်ရင် သမ္မတဖြစ်လို့ရတဲ့ နိုင်ငံသားနဲ့ သမ္မတဖြစ်ခွင့်မရှိတဲ့ နိုင်ငံသား စသဖြင့် နိုငငံသားကို အမျိုးအစား မြောက်မြားစွာ ခွဲခြားထားတော့ အခု သမ္မတကြီး လက်မှတ်ထိုးထုတ်လိုက်တဲ့ ဥပဒေကကော အရာရာကို ခြုံမိငုံမိရဲ့လားဆိုတာ မေးစရာဖြစ်လာတယ်။”

လက်ရှိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၁၉၈၉ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ဥပဒေအပေါ် အခြေခံပြီး ၂၀၁၀ ခုနှစ်မှာ ထုတ်ပြန်ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013