DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် လူ ၁၀၀၀ ကျော်ကို ရဲ ၁ ဦးနှုန်း စောင့်ရှောက်ပေးနေရ
DVB
·
October 1, 2014
ရန်ကုန်မြို့တွင် လူ ၁၀၀၀ ကျော်ကို ရဲ ၁ ဦးနှုန်း စောင့်ရှောက်ပေးနေရ
Donate to DVB

လူဦးရေ ၇ သန်းကျော်ရှိတဲ့ ရန်ကုန်မှာ ရဲတပ်ဖွဲ့ဝင်အင်အားက  ၅ ထောင်ကျော်သာရှိတဲ့အတွက် လူ ၁၀၀၀ ကျော်ကို ရဲ ၁ ယောက်နှုန်းနဲ့ ကာကွယ်စောင့်ရှောက်ပေးနေရတာလို့ ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မှာ ဒီကနေ့ကျင်းပတဲ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ် ၅၀ ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့  ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲမှူးကြီးမြင့်ထွေးက ရဲတပ်ဖွဲ့ဝင်အရေအတွက်နဲ့ ယူရတဲ့ တာဝန်မမျှမတဖြစ်နေတဲ့အကြောင်း မီဒီယာတွေကို ပြောကြားသွားတာပါ။

ရန်ကုန်မြို့မှာ လက်ရှိရဲဝန်ထမ်း ၅၅၃၈ ဦးရှိပြီး ရဲ ၁ ဦးက   လူ ၁၃၆၅ ဦး စောင့်ရှောက်နေရတာဖြစ်တဲ့အတွက် ဒါဟာ နိုင်ငံတကာ စံနှုန်းနဲ့တော့ မညီဘူးလို့ ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။

[caption id="attachment_66556" align="alignright" width="300"] ဒုတိယ ရဲမှူးကြီး မြင့်ထွေး (ဓာတ်ပုံ - ထွန်းထွန်းသိန်း) ဒုတိယ ရဲမှူးကြီး မြင့်ထွေး (ဓာတ်ပုံ - ထွန်းထွန်းသိန်း)[/caption]

“ရန်ကုန်မှာ လူဦးရေ ၇.၃ သန်း ရှိတယ်။ ရဲတပ်ဖွဲ့ဝင် ၅၅၃၈ ရှိတဲ့အတွက် ရဲ ၁ ဦးက ပြည်သူအချိုး ၁၃၆၅ ဦး နဲ့ စောင့်ရှောက်ရတယ်။ နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင် ရဲ ၁ ဦးက ပြည်သူ ၄၀၀ ပဲ အုပ်ချုပ်ရတယ်။ ကျနော်တို့မှာတော့ ရဲတပ်ဖွဲ့ အင်အားနည်းတဲ့အတွက် ရဲ ၁ ယောက်မှာ ၁၃၆၅ ဦး အုပ်ချုပ်ရတယ်။ သို့သော်လည်း ရန်ကုန်တိုင်းသည် တခြားပြည်နယ်နဲ့ တိုင်းတွေထက် လုပ်ငန်းတွေလည်း များတယ်၊ များတဲ့အတွက် မြန်မာနို်င်ငံ ရဲတပ်ဖွဲ့ချုပ်က ကျနော်တို့ကို အင်အားအနေနဲ့ ၆၂ ရာခိုင်နှုန်းထည့်ပေးထားတယ်။ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေမှာဆိုရင် ၄၀ ရာခိုင်နှုန်းလောက်တော့ ရှိတယ်။”

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဟာ အီးယူနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတဲ့နောက်မှာ ပြည်သူတွေက လိုလားလာပြီး တိုင်ကြားမူတွေ ပိုများလာတယ်လို့ ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။

“ဒီဘက်ကာလမှာ လှည့်ကင်းတွေလည်း စိုးမိုးပါတယ်။ လူတွေရှိတဲ့အတွက် အမှုတော့ ရှိပါတယ်။ ရှိလာတဲ့အမှုတွေကို ကျနော်တို့ ကြိုတင်ကာကွယ်မှုတွေ လုပ်တယ်။ ကြိုတင်ကာကွယ်မှုလုပ်ရင်းနဲ့ ဖြစ်ပွားတဲ့အမှုတွေကို ရအောင်ဖော်ထုတ်တယ်။ ဖော်ထုတ်တဲ့အမှုတွေကို ခိုင်မာစွာတည်ဆောက်ပြီးတော့ ပြစ်ဒဏ်ရရှိရေး တရားရုံးစွဲတင်တယ်။ အီးယူနဲ့လုပ်တဲ့အခါမှာ ကျနော်တို့ကိုလည်း ပြည်သူတွေက ရဲတပ်ဖွဲ့ကို လိုလားလာတာ တွေ့တယ်။ တိုင်တမ်းမှုတွေလည်း များလာတယ်။ ၁၉၉ ပဲဖြစ်ဖြစ်၊ ရဲစခန်းဖုန်းတွေပဲဖြစ်ဖြစ် အမြဲတမ်းဆက်သွယ်တာတွေ များတယ်။ အကူညီတောင်းတာတွေ များလာတယ်။”

ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၄ စက်တင်ဘာလကုန်အထိ အမှုကြီး ၃၄၀ နဲ့ အခြားအမူ ၁၄၆၈ မှု ဖြစ်ပွားခဲ့ပြီး ကြိုတင်ကာကွယ်ဖမ်းဆီးမှုအနေနဲ့ ၁၈၀၀ ကျော်ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ၁၉၆၄ အောက်တိုဘာလ ၁ ရက်နေ့က စဖွဲ့ခဲ့ပြီး ဒီကနေ့ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ နှစ် ၅၀ ပြည့် ရွှေရတုနှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ရွှေရတု အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့သလိုပဲ ရန်ကုန်မြို့မှာလည်း မူးယစ်ဆေးဝါးပြတိုက်မှာ ဒီကနေ့ မနက်ပိုင်း ကျင်းပခဲ့ပါတယ်။

ဒီ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းစစ်ဌာနမှူးဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ တိုင်းရဲတပ်ဖွဲမှူး ရဲမှူးကြီး ၀င်းနိုင်တို့ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့ မှုခင်းနှိပ်နှင်းရေးမှာ ထူးချွန်စွာ ဆောင်ရွက်ခဲ့တဲ့ ရဲဝန်ထမ်းတွေကို ရာထူးတိုး ဆုတံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013