Home
မေးမြန်းခန်း
သစ်တောထွက်ပစ္စည်းကုန်သွယ်မှုမှာ တာဝန်သိနိုင်ငံဖြစ်ဖို့ အစပျိုးပြီ- ဦးဘာဘာချို
DVB
·
October 1, 2014
မြန်မာနိုင်ငံက သစ်တွေ အနောက်နိုင်ငံတွေဆီကို တရားဝင်တင်ပို့နိုင်ရေးအတွက် မြန်မာ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ သြစတြေးလျနိုင်ငံတွေက အဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းရုံးမှာ စက်တင်ဘာ ၃၀ ရက်နေ့က တွေ့ဆုံပြီး တာဝန်သိကုန်သွယ်မှုနဲ့ မြန်မာ့သစ်တွေ ၀ယ်ယူနိုင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးပါတယ်။ ဒီဆွေးနွေးပွဲကနေ လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ တခုကိုလည်း ပူးတွဲဖွဲ့စည်းခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စု၊ ဒိန်းမတ်၊ သြစတြေးလျ။ နယ်သာလန် စတဲ့နိုင်ငံတွေက သစ်ကုန်သွယ်ရေးအဖွဲ့အစည်းတွေ တက်ရောက်ဆွေးနွေးကြပြီး မြန်မာ့သစ်တောဌာနအရာရှိတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ တက်ရောက်ကြပါတယ်။ ဒီဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်သူ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း တွဲဘက်အတွင်းရေးမှူး ဦးဘာဘာချိုကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က မေးမြန်းထားပါတယ်။ ဒီနေ့ အီးယူ (ဥရောပသမဂ္ဂ) က ကိုယ်စားလှယ်တွေနဲ့ သစ်လုပ်ငန်းရှင်များအသင်းနဲ့ တွေ့တယ်ဆိုတော့ ဘာအကြောင်းအရာတွေ ပြောဖြစ်သလဲ၊ ဘာရလဒ်တွေ ထွက်ခဲ့ပါသလဲ။ [caption id="attachment_66585" align="alignright" width="300"]ဦးဘာဘာချို ဦးဘာဘာချို[/caption] “ဒီနေ့ကတော့ ကျနော်တို့က ရလဒ်ရှာတယ်ဆိုတာထက်၊ ဒီနေ့က ကျနော်တို့ အဖွဲ့က (၃) ဖွဲ့ပါခင်ဗျ။ အီးယူ (ဥရောပသမဂ္ဂ) ပါပါတယ်။ နောက်တခါ IWAP ဆိုတာ  International Wood Product Association (အမေရိကန်) ပါပါတယ်။ နောက်တခါ သြစတြေးလျက Australian Timber Importers Federation ပါပါတယ်။ အဓိကကတော့ ကျနော်တို့ရဲ့ လက်ရှိ Supply Change ပေါ့နော်။ အနေအထားကို သူတို့ လာပြီးတော့ လေ့လာတာပါ။ လေ့လာတယ်ဆိုတာက ကျနော်တို့ရဲ့ Supply Change က သစ်တောကနေပြီးတော့ Export (ပြည်ပတင်ပို့) လုပ်တဲ့အထိ ဘယ်လိုအဆင့်ဆင့်သွားတယ်၊ အဲဒီ ကျနော်တို့ရဲ့စနစ်၊ ဒါကို သူတို့လေ့လာပြီးတော့ ကျနော်တို့က သူတို့ရဲ့ ဘယ်အဆင့်ထိမီလဲ၊ မမီလဲ၊ အဲဒါကို အဆင့်မီအောင် ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ။ ကျနော်တို့ Private Iniciates ပုဂ္ဂလိက ကြိုးပမ်းလုပ်ဆောင်မှုပါ။ စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေကနေပြီးတော့ ကျနော်တို့ Voice အသံလည်း ပါအောင်ပေါ့နော် အဖြေရှာဖို့အတွက် ပလက်ဖောင်းရှာတာပါခင်ဗျ။" အီးယူဘက်က မြန်မာဆီကနေ သစ်ခွဲသားတွေကို တင်သွင်းချင်တာလား၊ သစ်ချောထည်တွေမှာ ရင်းနှီးမြှုပ်နှံချင်တာလားဆိုတာ သိပါရစေခင်ဗျ။ "ဒီကိစ္စကတော့ သူတို့က သစ်လုံးကတော့ ညီလေးတို့လည်း သိတဲ့အတိုင်းပဲပေါ့နော်၊ သစ်အလုံးလိုက်တင်ပို့မှုကတော့ ပိတ်လိုက်ပြီ။ သူတို့လာရခြင်းအကြောင်းရင်းက သစ်အချောထည်ရယ်၊ သစ်အချောထည် မဟုတ်တာရယ် အဓိကမဟုတ်ပါဘူး။ သူတို့က သူတို့နိုင်ငံတွေမှာကျတော့ ဈေးကွက်လိုအပ်ချက်တွေ အရက တရားဝင်သစ်တောထွက်ပစ္စည်းဖြစ်ဖို့က သူတို့နိုင်ငံတွေမှာက တကယ့်ကို အရေးကြီးတဲ့စိမ်ခေါ်မှု ဖြစ်နေတာပေါ့နော်။ အဲဒီတော့ သူတို့က ကမ္ဘာကြီးမှာရှိတဲ့ ဘယ်ပရိုဂျူဆာနိုင်ငံက ၀ယ်ဝယ် အဲဒီသစ်သည် တရားဝင်သစ်တောဖြစ်ရမယ်ဆိုတဲ့ အာမခံချက်ရှိမှ သူတို့က တင်သွင်းခွင့်ရှိတယ်။ အာမခံချက်မရှိရင် သူတို့မှာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အရေးယူအပြစ်ပေးမှုကို ခံရဖို့ ရှိတဲ့အတွက် သူတို့က ကျနော်တို့နဲ့ လာဆွေးနွေးခြင်းဖြစ်ပါတယ်။ အချောထည်လုပ်ဖို့၊ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ဆိုတဲ့ အပိုင်းမျိုး မဟုတ်ပါဘူးခင်ဗျ။” ဒီဆွေးနွေးပွဲကနေပြီးတော့ မြန်မာနိုင်ငံ သစ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်းတွေအတွက် ဘယ်လိုမျိုး မျှော်လင့်ချက် အစပျိုးမှုတွေ မျှော်မှန်းနိုင်မလဲ။ "ဒီနေရာမှာ ကျနော်က ပရိဘောဂတို့ ဆိုတာထက်ပေါ့နော်၊ ခုန ကျနော်ပြောသလို ပရိဘောဂပဲဖြစ်ဖြစ်၊ သစ်ခွဲသားပဲဖြစ်ဖြစ်  အဓိကကတော့ ဈေးကွက်က လက်ခံဖို့ လိုတာပေါ့နော်။ ဈေးကွက်က စီးပွားရေးသဘောအရ လက်ခံပေမယ့်လည်း ဈေးကွက်ကို ထိန်းချုပ်ထားတဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်း၊ နိုင်ငံရေးရှုထောင့်အရ လက်မခံဘူးဆိုရင်လည်း ရောင်းသူနဲ့ ၀ယ်သူ ဘယ်လောက်ပဲရှိရှိ ကျနော်တို့ရဲ့ Trade က လုပ်လို့ မရဘူးပေါ့နော်။ အဲဒီတော့ အခု ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ကျနော်တို့သည် ရောင်းသူနဲ့ ၀ယ်သူနဲ့က အပေးအယူတည့်တယ်၊ သို့သော်လည်းပဲ ကျနော်တို့ရောင်းသူနဲ့ ၀ယ်သူနဲ့ အရောင်းအ၀ယ်လုပ်နေတဲ့ Trade ကုန်သွယ်မှုမှာ အန်ဂျီအိုတွေ၊ သဘာဝပတ်ဝန်းကျင်အတွက် ဆောင်ရွက်နေတဲ့ အန်ဂျီအိုတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကလက်ခံတဲ့ တာဝန်သိ ကုန်သွယ်မှုဖြစ်ဖို့အတွက် ကျနော်တို့ ဆွေးနွေးခြင်းဖြစ်ပါတယ်။ ကျနော်တို့က ဘယ်ထုတ်ကုန်ရယ်လို့ အပေါ်မှာ High Light လုပ်ပြီး ဆွေးနွေးခဲ့တာမျိုး မဟုတ်ပါဘူးခင်ဗျ။” ခုလို အီးယူ၊ အမေရိကန်ဘက်က ပုဂ္ဂိုလ်တွေလာခြင်းဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက မြန်မာ့လူ့အခွင့်အရေးပေါ်မှာ ထောက်ပြပြီးတော့ ပိတ်ဆို့ဒဏ်ခတ်တဲ့ ဆန်ရှင်တွေချမှတ်ခဲ့တာ ပြန်ရုပ်သိမ်းပြီးတဲ့နောက် ပြန်လမ်းပွင့်လာတဲ့အစလို့ ပြောလို့ရပါသလား။ "ဟုတ်ကဲ့ပါ။ နှစ်ပိုင်းပေါ့နော်။ အီးယူအနေနဲ့ကတော့ ကျနော်တို့နဲ့ အင်ဂေ့ရှ်ဖြစ်နေတာ နည်းနည်းကြာပါပြီ။ အီးယူက ကျနော်တို့ကို ဆန်ရှင်ရုပ်သိမ်းတာ နည်းနည်းစောတာပေါ့နော်။ ဒါပေမယ့်လို့ ကျနော် သူတို့ကိုလည်း အမြဲတမ်းပြောဖူးတယ်။ မင်းတို့တတွေ အမေရိကန်လာလိုက်၊ သြစတြေးလျလာလိုက် ငါတို့မှာလည်း ဒီမေးခွန်းကိုပဲ ဖြစ်နေမှာပေါ့နော်။ အဲဒီတော့ ပလက်ဖောင်းတခုတည်းမှာ ပြောကြာတာကောင်းမယ်၊ မင်းတို့ဘက်ကလည်း ဖောက်သည် သုံးစွဲသူတွေ စုစည်းလာခဲ့၊ ဒို့ဘက်ကတော့ ကျန်တဲ့အဖွဲ့အစည်းတွေကို ဖိတ်ပေးမယ်ပေါ့ ဆိုတဲ့သဘောမျိုးနဲ့ ကျနော်တို့က ပလက်ဖောင်းလုပ်လိုက်တာပေါ့။ အဲဒီတော့ ကျနော်တို့က သြစတြေးလျားနဲ့ သပ်သပ်၊ အမေရိကန်နဲ့သပ်သပ်၊ အီးယူနဲ့သပ်သပ် ကျနော်တို့ လုပ်စရာ မ လိုတော့ဘူးပေါ့နော်။ ဖောက်သည် နိုင်ငံတွေနဲ့ ပေါင်းပြီးတော့- မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းနဲ့ ပေါင်းလုပ်တဲ့သဘောပါခင်ဗျ။” ဆန်လုပ်ငန်းရှင်များ၊ အထည်ချုပ်လုပ်ငန်းရှင်များ၊ သစ်လုပ်ငန်းရှင်များ အသင်းတွေက အန်ဂျီအိုတွေလို့ နားလည်ထားပါတယ်။ ဒီတော့ အစိုးရဘက်ကရော ဒီဆွေးနွေးပွဲမှာ ဘယ်လိုမျိုးပူးပေါင်းပါဝင်လဲခင်ဗျ။ “ဟုတ်ကဲ့၊ ဒီနေ့တော့ ကျနော်တို့ သစ်တောရေးရာဝန်ကြီးဌာနက ကိုယ်စားလှယ်တက်ပါတယ်။ မြန်မာ့သစ်လုပ်ငန်း (MDE) က ၃ ဦး၊ သစ်တောဦးစီးဌာနက ၁ ဦးပေါ့နော်။ ၄ ဦးတက်ပါတယ်။ နောက်တခါ မြန်မာနိုင်ငံ သစ်တောထောက်ခံချက်လုပ်ငန်းကော်မတီက  ပုဂ္ဂိုလ်တက်ပါတယ်။ နောက်ပြီးတော့ local အန်ဂျီအိုတွေလည်း တက်ပါတယ်။ အဓိကကတော့ ကျနော်တို့ ဒီ Legal Timber ဖြစ်ဖို့ဆိုတဲ့ လိုအပ်ချက်တွေ ကျနော်တို့မှာ (Technical Requirement) နည်းပညာလိုအပ်ချက်တွေရှိပါတယ်။ အဲဒီပေါ်မှာ တချက်ချင်းပေါ့နော် ကျနော်တို့ရဲ့ သဘောထားက ဘယ်လိုရှိတယ်။ Defination အဓိပ္ပာယ်ဖွင့်ဆိုချက် ပေါ့။ တခါတခါကျတော့ စာပေါ်မှာရေးထားတာကတော့ ဒီအတိုင်းပဲ။ သို့သော်လည်းပဲ ကျနော်တို့ အဓိပ္ပာယ်ဖွင့်တာနဲ့ သူတို့ အဓိပ္ပာယ်ဖွင့်တာ ကွဲလွဲတာလေးတွေ ရှိတာပေါ့နော်။ အဲဒီတော့ သူတို့က ကျနော်တို့ ဒီအချက်တွေအပေါ် ဘယ်လိုနားလည်မှု ရှိတယ်ဆိုတာလေးတွေကို မေးပါတယ်။ မေးတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနက ပုဂ္ဂိုလ်တွေကလည်း ဖြေပါတယ်။ အဲလိုပါ အတိုင်းအတာတခုထိတော့ နားလည်မှု တည်ဆောက်နိုင်ခဲ့ပါတယ်။ သို့သော်လည်းပဲ ဆက်လက်ညှိနှိုင်းရမယ့်ဟာလေးတွေ အများကြီး ကျန်ပါသေးတယ်။" တွေ့ဆုံဆွေးနွေးကြတဲ့ပွဲလေးရဲ့ ရလဒ်နဲ့ အနာဂတ်မျှော်လင့်ချက်ကို မှန်းဆမိသလောက် ပြောပြပါခင်ဗျ။ “တက်ရောက်တဲ့ နိုင်ငံခြားအဖွဲ့က ပုဂ္ဂိုလ်တွေကလည်း ကျနော်တို့ရဲ့ ဒီနေ့ဆွေးနွေးပွဲကို ပွဲပြီးမီးသေပေါ့ မေ့မေ့ပျောက်ပျောက် မဖြစ်စေချင်ဘူး။ ရှေ့ဆက် progress ဖြစ်စေချင်တယ်ပေါ့ခင်ဗျာ။ အဲဒါကြောင့် time frame (တိကျတဲ့အချိန်ဇယား) တွေ ဘာတွေလည်း သူတို့က ရှိဖို့ပြောပါတယ်။ အဲဒီအတွက် ကျနော်တို့ working group ပေါ့နော်။ task force  ဆိုပြီး ဖွဲ့ပါဆိုပြီး သူတို့က အဆိုပြုပါတယ်။ အဲဒီအတွက် ကျနော်တို့က သဘောတူပါတယ်။ အဲဒီတော့ ကျနော်တို့ မြန်မာ့သစ်လုပ်ငန်းရှင်များအသင်း၊ ဒီဘက်က ပါသင့်ပါထိုက်နဲ့ အန်ဂျီအိုနဲ့ ၀န်ကြီးဌာနအဖွဲ့က ကိုယ်စားလှယ်ပေါ့နော်။ နောက်ပြီးတော့ သူတို့ဘက်ကလူနဲ့ ကျနော်တို့ Working Group (အလုပ်အဖွဲ့) ဖွဲ့ပြီး ကျနော်တို့ အဲဒီအဖွဲ့ကနေပြီး အမြဲတမ်း ထိတွေ့ပြီးတော့ ဘာတွေလုပ်မယ်၊ နောက်ပြီး သူတို့ဘက်ကလည်း ဘာတွေ ကူညီပေးမယ်၊ သူတို့ကလည်း Technical Input (နည်းပညာအကူညီ) ပေးမယ်။ Capacity Building (စွမ်းရည်မြှင့်တင်ရေး) ကူညီပေးမယ်။ ငွေရေးကြေးရေးအရ သူတို့ဘက်က ဘာလုပ်ပေးနိုင်မယ်ဆိုတာကို သူတို့ ပြန်သွားပြီးရင် ကျနော်တို့ကို အကြောင်းကြားမယ်ပေါ့နော်။ ကျနော်တို့ဘက်က ဘာတွေဘာတွေလုပ်မယ်ဆိုတာ လုပ်ချင်တဲ့ Frame (မူဘောင်) တွေပြောပါ။ Schedule (လုပ်ငန်းအစီအစဉ်) တွေပြောပါ။ သူတို့က ၀ိုင်းပြီးတော့ ဆက်လုပ်ကြပါမယ်ဆိုပြီး သဘောတူလိုက်ကြပါတယ်။ ဘာပဲပြောပြော ကမ္ဘာ့သစ်တောထွက် ပစ္စည်းကုန်သွယ်မှုမှာ ကျနော်တို့နိုင်ငံဟာ တာဝန်သိနိုင်ငံ တခုအနေနဲ့ ပါလာဖို့ကတော့ သမိုင်းအစလို့ပဲ ကျနော် မြင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024