ကွန်တိန်နာ သီးသန့် ရထားဆွဲမည်
DVB
·
October 1, 2014
ရန်ကုန်- မန္တလေးလမ်းပိုင်းတွေမှာ ကွန်တိန်နာတွေကို ကားနဲ့ပဲ သယ်ယူနေရာကနေ ရထားနဲ့ သယ်ယူတဲ့လုပ်ငန်း လုပ်ကိုင်သွားမယ်လို့ ရထားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်ဆိပ်ကမ်းက ရောက်လာပြီး မန္တလေးကို ပို့ချင်တဲ့ ကွန်တိန်နာတွေနဲ့ တရုတ်ပြည်ကနေ မန္တလေးကို ရောက်လာပြီး ရန်ကုန်ကို ပို့ချင်တဲ့ ကွန်တိန်နာတွေကို ကွန်တိန်နာ သီးသန့်ရထား နဲ့ ပြေးဆွဲသွားမယ့် အစီအစဉ် ဖြစ်ပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့က ကွန်တိန်နာ ရထားတစီး စမ်းသပ်ပြေးဆွဲခဲ့ရာမှာ ရန်ကုန်- မန္တလေး ၃၃ နာရီ ကြာမြင့်ခဲ့ပြီး ဒီထက် အချိန်လျော့ချနိုင်အောင် ကြိုးစားနေတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
ရထားဝန်ကြီးဌာနဟာ ဒီ ကွန်တိန်နာ သီးသန့် ရထားပြေးဆွဲတဲ့ လုပ်ငန်းကို အီးအီးအာရ်ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ကိုင်သွားမှာဖြစ်ပြီး မန္တလေး ပုလိပ်-သစ်ဆိပ် ဆိပ်ကမ်း ကိုလည်း ကုန်းတွင်းဆိပ်ကမ်းအဖြစ် သတ်မှတ်ပြီး ဖြစ်ပါတယ်။