DVB Logo
Home
မြန်မာသတင်း
အစိုးရ ပူးပေါင်းမှု အားနည်းခြင်းကြာင့် တရားဥပဒေစိုးမိုးရေးစင်တာဖွင့်ရန် ကြန့်ကြာ
DVB
·
September 29, 2014
အစိုးရ ပူးပေါင်းမှု အားနည်းခြင်းကြာင့် တရားဥပဒေစိုးမိုးရေးစင်တာဖွင့်ရန် ကြန့်ကြာ
Donate to DVB

အစိုးရဘက်က သဘောထားပြောင်းလဲပြီး ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် စက်တင်ဘာလဆန်းမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ တရားဥပဒေ စိုးမိုးရေး စင်တာတွေ ကိစ္စ ကြန့်ကြာနေတယ်လို့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီက ပြည်သူ့လွှတ်တော်ကို ဒီကနေ့ အစီရင်ခံတင်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့  တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ  အစီရင်ခံစာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ကော်မတီရဲ့ အတွင်းရေးမှူး ဦးဝင်းမြင့်ကတော့  တရားဥပဒေစိုးမိုးရေးဌာနတွေ ဖွင့်လှစ်ဖို့ ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

Parliment 12092014“မဖွင့်ဖြစ်တာက ဖွင့်ကာနီးကျတော့မှ စာရင်းပေးထားတဲ့ ဟာပေါ့နော်။ ပြည်ထောင် စု တရားလွှတ်တော်ချုပ် တို့၊ ပြည်ထောင် စု ရှေ့နေချုပ်ရုံးတို့ အခုနပြောတဲ့ ပြည်ထဲရေး ၀န်ကြီးဌာန တို့၊ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့ အမျိုးသားစီမံကိန်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့ အဲဒီစာရင်းပေးထားတဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံ့ဝန်ထမ်းတွေမို့လို့ လွှတ်တော်ရဲ့ အစီအစဉ်မှာ မပါသင့်ဘူးဆိုပြီးတော့ သူတို့ဘက်ကနေပြီးတော့ အကြောင်းပြန်လာတာ။ ဖွဲ့ကာနီးကျမှ၊ လုပ်ကာနီးကျမှ။ အကြောင်းပြန်လာတော့ နည်းနည်းလေး အချိန်ပြန်ယူရတာပေါ့။ နိုင်ငံ့ဝန်ထမ်းဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း စာရင်းက ပြည်ထောင်စုအစိုးရကပဲ ပေးတာပဲလေ။ အခုလုပ်ကာနီးကျတော့မှ နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်နေလို့ပါဆိုတော့ အန်ကယ်တို့က ဒီ coordinate (ညှိနှိုင်းဆောင်ရွက်ရေး) ကော်မတီဖွဲ့ဖို့ ဒါတွေဖွင့်ဖို့ အချိန်ပြန်ယူရတာပေါ့။”

ကနဦးပိုင်းမှာ စင်တာထူထောင်ရေး အကောင်အထည်ဖော်ဖို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတွေက ကိုယ်စားလှယ်အဖွဲ့ဝင် အမည်စာရင်းတွေ လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။

စက်တင်ဘာလအတွင်း မန္တလေးနဲ့ လားရှိုးမှာ တရားဥပဒေစိုးမိုးရေးစင်တာ ပိုင်းလော့ပရော့ဂျက်တွေ ဖွင့်လှစ်ကာနီးကျမှ ပြည်ထောင်စုအစိုးရက တရားဥပဒေစိုးမိုးရေးဌာနတွေ တည်ဆောက်ရေး ညှိနှိုင်းမှုကော်မတီဖွဲ့စည်းရေးကို နိုင်ငံ့ဝန်ထမ်းတွေ မပါဝင်စေဘဲ လွှတ်တော်အစီအစဉ်ဖြင့်သာ ဆောင်ရွက်သင့်ပါကြောင်းနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်မယ်လို့ ပြန်ကြားခဲ့ကြောင်း ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မူလကိုယ်စားလှယ်ပေးပို့ထားတာတွေဟာ ပျက်ပြယ်သွားခဲ့သလို တရားလွှတ်တော်ချုပ်ကလည်း တရားသူကြီး ၁၂၀၀ သာရှိလို့ သင်တန်းကို ပေးပို့နိုင်ခြင်းမရှိဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။

ဒါ့အပြင် အထွေထွေအုပ်ချုပ်ရေးနဲ့ ပြည်သူ့ရဲတို့ကလည်း အထက်ခွင့်ပြုချက်ရဖို့ လိုတယ်လို့ အကြောင်းပြန်ကြတာကြောင့် မန္တလေးနဲ့ လားရှိုးမြို့က စင်တာတွေ မဖွင့်ဖြစ်ဘဲ ဖြစ်ခဲ့ရတာပါ။

ဒါပေမယ့် ကော်မတီအနေနဲ့ လာမယ့် နိုဝင်ဘာမှာ ဖွင့်လှစ်နိုင်ဖို့အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (ယူအန်ဒီပီ) နဲ့ အလှူရင်နိုင်ငံတွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“တရားစီရင်ရေးလည်း အားနည်းတာပဲ။ အုပ်ချုပ်ရေးလည်း အားနည်းတာပဲ။ မဏ္ဍိုင်ကြီးသုံးရပ်မှာ အဲဒီနှစ်ခုက ပိုပြီးတော့ နီးစပ်ထိတွေ့မှုရှိတယ်။ ဘာလို့လဲဆိုတော့ တရားသူကြီးချုပ်တို့၊ တရားသူကြီးတို့ ဆိုတာကလည်း နိုင်ငံတော်သမ္မတက ခန့်တာ။ လွှတ်တော်က ငြင်းပယ်ခွင့်လည်း မရှိဘူး။ တရားဥပဒေစိုးမိုးရေးစင်တာတွေ ဖွင့်တယ်ဆိုတာ အဲဒါ။ အုပ်ချုပ်ရေးပိုင်းက ပါမယ်၊ ဥပဒေအရာရှိပိုင်းလည်း ပါမယ်။ နိုင်ငံတော် ရှေ့နေချုပ်ရုံးကပေါ့နော်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက တရားသူကြီးတွေကလည်း ပါမယ်။ အပြင်ရှေ့နေတွေလည်းပါမယ်၊ အဲဒါတွေကို ပြည် တွင်းပြည်ပ ဥပဒေပညာရှင်တွေက သင်တန်းတွေ ပေးတဲ့အခါကျတော့မှ အဲဒီတော့မှ သဘောပေါက်လာပြိးလို့ရှိရင် ကိုယ့်ရဲ့ MIND SET ရှုမြင်တွေးဆမှု ပြောင်းသွားပြီးလို့ ရှိရင် လူထုက ပူးပေါင်းပါဝင်လာရင် အဲဒီတော့မှ အဆင်ပြေမှာလေ။ အဲဒါကြောင့်မို့ အန်ကယ်တို့က တရားဥပဒေစိုးမိုးရေး စင်တာဖွင့်တယ်ဆိုတာ အဲဒါပဲ။ မန္တလေးနဲ့လားရှိုးမှာ စင်တာဖွင့်တာ အောင်မြင်မှ တနိုင်ငံလုံးအတိုင်းအတာ နဲ့ ဖွင့်ဖို့ စီစဉ်ထားတာ။”

အစီရင်ခံစာမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ အားပေးထောက်ခံမှုနဲ့ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေး စင်တာတွေ ဖွင့်လှစ်နိုင်ရေးအတွက် အမျိုးသားလွှတ်တော်၊ ပြည်သူတို့ရဲ့ တိုင်ကြားစာတွေ စိစစ်ဆောင်ရွက်ရေးကော်မတီ၊ အမျိုးသားလွှတ်တော်ကော်မရှင်၊ ပြည်သူ့လွှတ်တော် ကော်မရှင်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုး​ရေး​အစီအစဉ် (ယူအန်ဒီပီ) တို့က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းအစည်းအဝေး ၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့  ဖော်ပြထားပါတယ်။

ဒီအစည်းအဝေးတွေရဲ့ ဆုံးဖြတ်ချက်အဖြစ် မန္တလေးနဲ့ လားရှိုးမြို့မှာ Pilot Project ဖွင့်လှစ်ဖို့နဲ့ ၂၀၁၅ ခုနှစ်မှာ တရားဥပဒေ စိုးမိုးရေးစင်တာတွေ ဖွင့်လှစ်နိုင်ဖို့ ပြည်တွင်းပြည်ပ ပညာရှင်တွေက သင်တန်းပို့ချနိုင်ဖို့၊ တရားသူကြီး၊ ဥပဒေအရာရှိ၊ ပြည်သူ့ရဲ၊ ရှေ့နေနဲ့ အုပ်ချုပ်ရေးဌာန၀န်ထမ်းတွေ သင်တန်းတက်ရောက်နိုင်ဖို့၊ သင်တန်းမှာ တရားဥပဒေနဲ့ စပ်လျဉ်းတဲ့ အရည်အသွေးတွေ၊ ဗဟုသုတ၊ ကျင့်ဝတ်တွေ၊ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးအခြေခံမူတွေကို သင်ကြားပေးဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် စာမေးပွဲစနစ် ထည့်သွင်းပြီး အောင်လက်မှတ်ပေးဖို့၊ သင်ရိုးညွှန်းတမ်းကို တက္ကသိုလ်သင်ရိုးညွှန်းတမ်းနဲ့ ညှိနှိုင်းရေးဆွဲဖို့ အသုံးစရိတ် ချွေတာသုံးဖို့နဲ့ စင်တာတွေရဲ့ အုပ်ချုပ်မှုအပိုင်းကို မည်သည့် အဖွဲ့အစည်းလက်အောက်မှ မထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တခြားအချက်အလက်တွေမှာတော့ ကော်မတီကို ၁ နှစ်အတွင်း တိုင်စာပေါင်း ၇ ထောင်ကျော်ရောက်ရှိခဲ့ပြီး  ဒီအထဲမှာ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ တိုင်စာပေါင်း  ၃၅၀၀ နဲ့ အများဆုံးဖြစ်ပြီး လယ်ယာမြေနဲ့ ပတ်သက်ပြီး တိုင်စာ ၂၅၀၀ ကျော်၊ အုပ်ချုပ်ရေး ၁၁၀၀ ကျော်နဲ့ စစ်တပ်နဲ့ ပတ်သက်ပြီး တိုင်ကြားစာ ၁၀၀ ရရှိခဲ့တယ်လို့ ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လယ်ယာမြေကိစ္စတွေမှာ နိုင်ငံတော်က ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို ဒေသအာဏာပိုင်တွေက လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အကြောင်း၊ အုပ်ချုပ်ရေးမှာလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်း လုပ်ဟန်တွေ မတွေ့ရဘဲ ဗျူရိုကရေစီ အလေ့အကျင့်တွေ ရှိနေသေးကြောင်း ဝေဖန်ထောက်ပြထားပြီး တရားရုံးတွေကို စောင့်ကြည့်လေ့လာဖို့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ရှိသင့်တယ်လို့ အစီရင်ခံစာမှာ အကြံပြုဖော်ပြထာားပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီကို ပြည်သူ့လွှတ်တော်က ၂၀၁၂ ခု သြဂုတ်လမှာ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013