DVB Logo
Home
မြန်မာသတင်း
အစိုးရတပ်ပစ်ခတ်မှုကြောင့် ကေအန်ယူတပ်သား ၁ ဦး သေဆုံး
DVB
·
September 29, 2014
အစိုးရတပ်ပစ်ခတ်မှုကြောင့် ကေအန်ယူတပ်သား ၁ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း အစိုးရတပ်နဲ့ ကေအန်ယူတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်မှုကြောင့် ကေအန်ယူတပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

knu1အစိုးရတပ် စကခ ၁၀ လက်အောက်ခံ ခမရ ၃၆၁ တပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (ကေအန်ဒီအို) တပ်ရင်း ၃ က တပ်ဖွဲ့တွေ စက်တင်ဘာလ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ကျောက်ကြီးမြို့နယ် မူသယ်ကျေးရွာအနီးမှာ  အစိုးရလှုပ်ရှားတပ်တွေက ကေအန်ယူ ထိန်းချုပ်ဒေသကို အကြောင်းမကြားဘဲ  ၀င်ရောက်လာခဲ့တဲ့အတွက်  စက်တင်ဘာလ၂၇ ရက် နေ့ခင်းပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကေအန်ယူ တပ်ကြပ်တဦး ကျဆုံးပြီး တဦးဒဏ်ရာရှိခဲ့တယ်လို့ ကေအန်ယူ ကျောက်ကြီးဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောမောင်အေးက ဒီဗွီဘီကို ပြောပါ တယ်။

အခု လပိုင်းတွေအတွင်း အစိုးရတပ်ဖွဲ့တွေဟာ အကြောင်းမကြားဘဲ ကေအန်ယူထိန်းချုပ်ဒေသကို ၀င်ရောက်လှုပ်ရှားမှုတွေ ရှိတယ်လို့လည်း ဗိုလ်ကြီး စောမောင်အေးက ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ညှိနှိုင်းဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

အစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ လက်ရှိအနေအထားအရ နယ်မြေသတ်မှတ်ချက် အတိအကျ မရှိသေးတာကြောင့် မှားယွင်းပစ်ခတ်မှုဖြစ်တာလို့ ဒီဗွီဘီကို ပြောပါတယ်။

“အောက်ခြေမှာ မှားယွင်းမှုပါ။ ဒါကတော့ သီးခြားကိစ္စပါ။ ဟိုဘက်က မြ၀တီနဲ့ တခြားစီပါပဲ။ ကေအန်ယူနဲ့ ကျနော်တို့ကြားမှာတော့ တောက်လျှောက် ထိန်းသိမ်းနိုင်ခဲ့တယ်။ ဒါကတော့ အောက်ခြေမှာ နယ်မြေတောတောင် ပိုင်းခြားမှု မသိဘဲနဲ့ သွားလိုက်လို့၊ ဒါတွေကတော့ ကျနော်တို့ ဖြေရှင်းပြီးပါပြီ။ တကယ်တမ်း ရှေ့တန်းမှာ နေရတာက ရဲဘော်တွေပဲလေ။ ငြိမ်းချမ်းရေး အရချင်ဆုံးကတော့ နှစ်ဖက်လုံးက အောက်ခြေမှာ ရှိတဲ့ ရဲဘော်တွေက ငြိမ်းချမ်းရေး အရချင်ဆုံးပဲ။ ဘာလို့လဲဆိုတော့ သူတို့က ရှေ့ဆုံးမှာ နေရတဲ့သူတွေကို။”

လက်ရှိ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တနိုင်ငံလုံးအပစ်ရပ်ရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ကြားက ခုလို အောက်ခြေ တပ်ဖွဲ့တွေအကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး စောအောင်အေးက အခုလို ဝေဖန်ထားပါတယ်။

“အောက်ခြေမှာဖြစ်တဲ့ ပြဿ     နာတွေက သူတို့ ကျူးလွန်တဲ့အပေါ်မှာလည်း သူတို့ဟာသူတို့ ဆောင်ရွက်ပါလိမ့်မယ်။ သူတို့အကြီးအကဲနဲ့ ကျနော်တို့ ဗဟို ဆွေးနွေးပါလိမ့်မယ်။ ဒါကတော့ ကျနော်တို့မြင်တာက သူ့တပ်ဘက်က ငြိမ်းချမ်းရေး မလိုလားတာဖြစ်ပါလိမ့်မယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာလ ဆန်းပိုင်းကလည်း ဖာပွန်ခရိုင်အတွင်း အစိုးရတပ်နဲ့ ကေအန်ယူ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့လည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က ထီးဖိုးထာ ကျေးရွာအနီးမှာ အစိုးရတပ်နဲ့ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) အကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒီကေဘီအေ မြ၀တီဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးစောစိုးမြင့်က ပြောပါတယ်။

ဒီတိုက်ပွဲအတွင်း ဒီကေဘီအေဘက်က တပ်သား ၂ ဦး ဒဏ်ရာရရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း  ကရင်ပြည်နယ် မြ၀တီမြို့နယ်မှာ အစိုးရပ်တပ်နဲ့ ဒီကေဘီအေ အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013