ခါကာဘိုရာဇီ တောင်တက်သမား ၂ ဦးကို ရှာဖွေသည့် ထိုင်းရဟတ်ယာဉ် အဆက်အသွယ်ပြတ်
DVB
·
September 28, 2014
ခါကာဘိုရာဇီတောင်မှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ဦးကို ရှာဖွေနေတဲ့ ထိုင်း ရဟတ်ယာဉ်တစီး အဆက်အသွယ် ပြတ်ပြီး ပျောက်ဆုံးနေတယ်လို့ ထူးဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
[caption id="attachment_66241" align="alignright" width="300"] ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း[/caption]
တောင်တက်သမား ၂ ဦးကို ရှာဖွေနေတဲ့ အဖွဲ့ကို ရိက္ခာပို့ဖို့ သွားတဲ့ ရဟတ်ယာဉ်ဟာ စက်တင်ဘာ ၂၇ ရက်နေ့က လမ်းခရီးမှာ အဆက်အသွယ် ပြတ်တောက်သွားတာ ဖြစ်ပါတယ်။
ရဟတ်ယဉ်ဟာ B 4 အမျိုးအစား ဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့ အခြေစိုက်စခန်းရှိတဲ့ တဟွန်ဒမ်း ရွာကို သွားရင်း အဆက်အသွယ် ပြတ်သွားတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ထိုင်းလူမျိုး ယာဉ်မှူးနဲ့ မြန်မာလူမျိုး ယာဉ်မှူးနဲ့ နောက်ထပ် မြန်မာ ၂ ယောက် လိုက်ပါသွားတာပါ။
လောလောဆယ်မှာ အဆက်အသွယ် ပြတ်တောက်နေတဲ့ ရဟတ်ယာဉ်နဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေကြောင်း ထူးဖောင်ဒေးရှင်း ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားပါတယ်။