DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလမ်းပေါ် မရောက်သေးဘူးလို့ အဖွဲ့ချုပ် ၂၆ နှစ်ပြည့်နေ့မှာ ပြည်သူထံ သတင်းစကားပါး
DVB
·
September 27, 2014
ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလမ်းပေါ် မရောက်သေးဘူးလို့ အဖွဲ့ချုပ် ၂၆ နှစ်ပြည့်နေ့မှာ ပြည်သူထံ သတင်းစကားပါး
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၆နှစ်ပြည့် အခန်းအနားကို ရန်ကုန်၊ ရွှေဂုံတိုင်က အဖွဲ့ချုပ်ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ်ရဲ့ သဘောထားကြေညာချက် တစောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။

အဖွဲ့ချုပ် ၂၆ နှစ်ပြည့် အခမ်းအနားကို ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းမရှိဘဲ နာယကဦးတင်ဦးပဲ တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ၀ါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ အဖွဲ့ချုပ်နဲ့ လုပ်ဖော်ကိုင်ဘက် နိုင်ငံရေး အင်အားစုတွေ၊ နိုင်ငံရေးသမားတွေ စုစုပေါင်း ၃၀၀ လောက် တက်ရောက်ခဲ့ကြ ပါတယ်။

[caption id="attachment_66211" align="alignright" width="300"]ဓာတ်ပုံ - NLD ဓာတ်ပုံ - NLD[/caption]အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကို ပါတီ ၂၆ နှစ်ပြည့်နေ့မှာ ပြည်သူကို ပေးချင်တဲ့ သတင်းစကားက ဘာဖြစ်မလဲလို့မေးကြည့်တော့ သူက အခုလို ပြောပါတယ်။
“အခုတိုင်းပြည် ထူထောင်ရေး ဒီမိုကရေစီရေးမှာ တကယ့် အရေးကိစ္စထက်ကို မိမိ လက်ဦးမှု ရရှိရေး၊ မိမိအနိုင်ရရှိရေး၊ ဒီလိုစိတ်ဓာတ်တွေနဲ့ သွားနေကြတယ်။ ဒီလိုသွားနေရင်တော့ တိုင်းပြည်အတွက် အကျိုးမရှိဘူး။ ပြည်သူအတွက် အကျိုးမရှိဘူး။ အဲဒီ အချက်အလက် ကျနော်တို့ ပေးတာပါ။ ပြုပြင်ပြောင်းလဲမှု။ တိုင်းပြည် ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လမ်းပေါ်ကို မရောက်သေးပါဘူး။ အရွေ့တော့ ရှိတယ်၊ ဒါပေမယ့် အားရစရာ အခြေအနေ မရှိသေးဘူးဆိုတာ ကျနော်တို့ ပြည်သူတွေကို ပြောပါတယ်။”

အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဦးဝင်းထိန်ကို အဖွဲ့ချုပ်တည်ထောင်ခါစက အမှတ်ရစရာတချို့ မေးကြည့်တော့

“ဦးအောင်ကြီးရယ် ဦးတင်ဦးရယ် ဒေါ်အောင်ဆန်းစုကြည်ပါလို့ အောင်စုတင် ဆိုပြီးတော့ သတင်းဌာနတွေကတောင် ခေါ်ရတဲ့ အလေ့အထရခဲ့တယ်။ အဲဒီကနေပြီး ဦးအောင်ကြီး ထွက်သွားတဲ့အခါမှာ အောင်စုတင် ပျောက်သွားပြီးတော့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ၂ ယောက်ပဲ ဦးဆောင်လာတယ်။ အဲဒီလို ပြောင်းလဲ ဦးဆောင်လာပေမယ့် ပြည်သူလူထုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတဲ့အရှိန်အဟုန်က ကျမသွားတဲ့အပြင် ပိုတောင် တိုးလာပါသေးတယ်။ အဲဒီလိုတိုးလာတဲ့ သာဓက အဲဒီတုန်းက ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျတယ်။ ကျနော်ကိုယ်တိုင်လည်း ထောင်ထဲမှာ အဲဒီလို ဖြစ်နေတဲ့ ကြားထဲက စစ်အစိုးရက စစ်အုပ်ချုပ်ရေး မရုပ်သိမ်းသေးတဲ့ ကာလမှာ လုပ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ကျနော်တို့ အဖွဲ့ချုပ်က ၈၆ ရာခိုင်နှုန်းကျော်ကျော် နိုင်ခဲ့တယ်ဆိုတာက ကျနော်တို့အဖွဲ့ချုပ်ရဲ့ အင်အား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးရဲ့ အင်အားလို့ ကျနော်တို့ ပြောနိုင်ပါတယ်။ ရုန်းကန်ခဲ့တာဗျာ ဥပမာဆိုရင် ကျနော်က ၁၉၈၉ ကနေ ၁၉၉၅ အထိ ထောင်ကျခဲ့တယ်။ ၁၉၉၅ ကနေလွတ်ပြီးတော့မှ ၁၉၉၆ ခုနှစ် မေလမှာ အပြင်မှာ ကျန်တနေတဲ့ လွှတ်တော်အရွေးချယ်ခံပုဂ္ဂိုလ်တွေ တော်တော်များများ ထောင်ထဲရောက်ပြီး တချို့လည်း နိုင်ငံခြား ထွက်ပြေးတာတွေ ရှိတယ်။ အပြင်မှာကျန်ခဲ့တဲ့ အရွေးချယ်ခံပုဂ္ဂိုလ်တွေကို အစည်းအဝေး လုပ်မယ်လို့ ခေါ်လိုက်တဲ့အချိန်မှာ ၂၀၀၆ ခု မေလ အဲဒီမှာ တနိုင်ငံလုံး လူဖမ်းပွဲကြီး စတင်ကျင်းပတဲ့အချိန်မှာ ကျနော်ကိုယ်တိုင်လည်း ထောင်ထဲ ပြန်ရောက် သွားတာပါပဲ။ အဲဒါက အင်မတန် မှတ်သားစရာ ကောင်းတဲ့ကိစ္စပါ။ တချို့ဆိုရင် ထောင်ထဲ ရောက်တယ်။ တချို့ဆိုရင် တပ်တွေမှာ ထိန်းထားတယ်။ တချို့ဆိုရင် ရဲစခန်းတွေမှာ ထိန်းထားတယ်။ တနိုင်ငံလုံးမှာ ထောင်နဲ့ချီပြီး အဖမ်းခံရတာပါ။”

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အကြိမ်ကြိမ် အကျယ်ချုပ်ချခံခဲ့ရပြီး နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာချိန်မှာ အဖွဲ့ချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ချုပ်ကိုယ်စားလှယ်တချို့ လွှတ်တော်ထဲ ရောက်ခဲ့ပါတယ်။

မနှစ်က ပြုလုပ်ခဲ့တဲ့ အဖွဲ့ချုပ် ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို ရန်ကုန်က တော်ဝင်နှင်းဆီခန်းမမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လည်း တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013