DVB Logo
Home
မြန်မာသတင်း
ကသာထောင်တွင် ဆရာဝန်ထောက်ခံချက်မပေးဘဲ ထောင်ပြောင်းရွှေ့
DVB
·
September 26, 2014
ကသာထောင်တွင် ဆရာဝန်ထောက်ခံချက်မပေးဘဲ ထောင်ပြောင်းရွှေ့
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာထောင်က ထောင်အာဏာပိုင်တွေဟာ အကျဉ်းထောင်ဥပဒေကို ချိုးဖောက်ပြီး အကျဉ်းသားတချို့ကို ထောင်ပြောင်းခဲ့ကြတယ်လို့ ထောင်ဆရာဝန်က ဒီဗွီဘီကို ပြောပါတယ်။

ကသာထောင်မှာ  မနေ့ညနေပိုင်းက အကျဉ်းသား အယောက် ၅၀ ကို ထောင်ကျပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မန္တလေးထောင်ကို ပြောင်းရွှေ့ပါတယ်။

[caption id="attachment_66140" align="alignright" width="300"]ကသာထောင် (ဓာတ်ပုံ - traveladventures.org) ကသာထောင် (ဓာတ်ပုံ - traveladventures.org)[/caption]

အဲဒီအကျဉ်းသားတွေအနက် ကျန်းမာရေး ထောက်ခံချက်မပေးတဲ့ အကျဉ်းသား ၄ ယောက်ကိုပါ ထောင်အာဏာပိုင်တွေက အတင်းပြောင်းရွှေ့ခဲ့တာလို့ ကာယကံရှင် ထောင်ဆရာဝန် ဒေါက်တာခိုင်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ကျန်းမာရေးမကောင်းတဲ့ အကျဉ်းသားကို အခုလို ထောင်ပြောင်းရွှေ့တာဟာ အကျဉ်းထောင်ဥပဒေနဲ့ မကိုက်ညီဘူးလို့ ဒေါက်တာခိုင်မင်းထွန်းက ပြောပါတယ်။

“ဆေးခန်းလာပြရင်းနဲ့ သွေးတိုးတဲ့ အကျဉ်းသားတွေ တွေ့တယ်။ အခုအချိန်က တုပ်ကွေးရာသီဆိုတော့ တုပ်ကွေးသမားတွေလည်း တွေ့တယ်။ တချို့လည်း သွေးပေါင်ကျပြီး ကိုယ်တွေပူတာ နောက်ဆက်တွဲ ဖြစ်ချင်တာလေးတွေ တွေ့တော့ သွေးတိုးတဲ့သူတွေဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကျနော်တို့ ဆရာဝန်တွေအနေနဲ့ စိုးရိမ်မှု ရှိလို့ သူတို့တွေကို လောလောဆယ် တခြားထောင်ကို မပြောင်းဘဲနဲ့ ချန်ထားပြီး တခြားကျန်းမာရေးကောင်းတဲ့ အကျဉ်းသားနဲ့ အစားထိုး ထည့်ပေးဖို့ တင်ပြတာပေါ့။ လက်မခံဘဲနဲ့ ထည့်ပေးလိုက်တဲ့ သဘောပေါ့။ အကျဉ်းထောင်လက်စွဲဥပဒေကို မလိုက်နာတာပေါ့။ ဆရာဝန်ရဲ့ ထောက်ခံချက်မပေးဘဲနဲ့ အကျဉ်းသားတွေကို မပြောင်းရွှေ့ရဆိုပြီး ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်”

ရန်ကုန်မြို့က ရှေ့နေကြီး ဦးရောဘတ်ဆန်းအောင်က ဒီဖြစ်ရပ်မျိုးတွေ အကျဉ်းထောင် အသီးသီးမှာ ဖြစ်ပွားနေတာ ဖြစ်ပြီး အရေးယူမယ့်သူလည်း မရှိဘူးလို့ ပြောပါတယ်။

“အကျဉ်းသားတွေရဲ့ ကျန်းမာရေးကို လျစ်လျူရှုပြီး အကျဉ်းထောင်ဝန်ထမ်းတွေက လုပ်တယ်ဆိုတာ သူတို့အတွက် ငွေရှာပေါက်တမျိုးပဲ။ ရဲဘက်ထွက်ခါနီးမှာ ဆရာဝန်ခွင့်မပြုရင် အကျဉ်းသားကို မပြောင်းရွှေ့ရဘူး။ အဲဒီလိုလုပ်တယ်ဆိုတာ ထောင်အာဏာပိုင်တွေရဲ့ စရိုက်ဆိုးကို ဖော်ပြတာပဲ ဖြစ်တယ်။ နောက်ပြီးတော့ အကျဉ်းထောင်တွေမှာ ဒီလိုပဲ လုပ်နေကျ ဖြစ်နေတယ်။ အဲဒါတွေကို ဘယ်သူကမှလည်း ထိန်းသိမ်းတာ မရှိဘူး၊ ဘယ်သူကမှလည်း အရေးယူတာ မရှိဘူး။ အကျဉ်းသားတွေဟာ မီဒီယာနဲ့လည်း တွေ့ခွင့် မရဘူး။ အဲတော့ သူတို့ထင်တိုင်းကျဲ၊ လုပ်ချင်တာ လုပ်နေကြတယ်။ အကျဉ်းသား ၅၀ ကို အခုလို ကသာထောင်ကနေ မန္တလေးထောင်ကို ရွှေ့တယ်ဆိုတာ ဘာကြောင့်ရွှေ့တာလဲ၊ ဘယ်လို အကြောင်းပြချက်နဲ့ ရွှေ့တာလဲ။ အကြောင်းပြချက်နဲ့ ရွှေ့ရင်လည်း ဥပဒေနဲ့အညီ လုပ်ရမယ်။ ကျန်းမာရေးမကောင်းတဲ့ အကျဉ်းသားတွေကို အခုလိုပြောင်းရွှေ့တယ်ဆိုတာ လမ်းမှာ သေကုန်အောင် လုပ်တာ။ အဲတော့ မပြောင်းချင်တဲ့ အကျဉ်းသားက ပိုက်ဆံပေးရမယ်။”

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ အကျဉ်းထောင်တွေထဲ သွားရောက် စစ်ဆေးခဲ့ဖူးတာကြောင့် ကော်မရှင်ရဲ့ တင်ပြချက်ကြောင့် ထောင်အာဏာပိုင်တွေကို အရေးယူ တာမျိုး ရှိခဲ့ဖူးလားလို့ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းနွဲ့ကို မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“အရေးယူတာ၊ ဘာလုပ်တယ်ဆိုတာတော့ မကြားမိပါဘူး။ သူတို့သွားတဲ့အချိန်မှာ လိုအပ်တာတွေကို ဆွေးနွေးခဲ့တယ်၊ ညွှန်ကြားခဲ့တယ်၊ သွားတဲ့အခါမှာလည်း တချို့တိုင်တာတွေနဲ့အညီ မဟုတ်တာတွေ တွေ့ရတယ်။ အဲလောက်ပဲ သိရပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013