ဆင်းကတ်များကို ညွှန်ကြားသည့်အတိုင်း မရောင်းပါက ကုမ္ပဏီ ပိတ်သိမ်းမည်

1.4K
တယ်လီဖုန်းဆင်းကတ်တွေကို သတ်မှတ်ညွှန်ကြားတဲ့အတိုင်း မရောင်းဘဲ ကိုယ်ကျိုးရှာမှုတွေလုပ်နေတဲ့ ကုမ္ပဏီနဲ့ ဆိုင်တွေကို ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရေးမြို့နယ်အမတ် ဒေါ်မိမြင့်သန်းရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားလိုက်တာပါ။
ဆင်းကတ်တွေကို သတ်မှတ်တန်ဖိုးအတိုင်း မရောင်းဘဲ ငွေဖြည့်ကတ်၊ ဟန်းဆက် စတာတွေနဲ့ တွဲမရောင်းဖို့ သတိပေး ပြောကြားထားပြီး ဆက်လက်ပေါ်ပေါက်နေရင်တော့ အရေးယူဆောင်ရွက်မယ်လို့ ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။
သူက ဆက်လက်ပြီး အမျိုးသားဆက်သွယ်ရေး အကြံပေးကော်မတီနဲ့ မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင် ဖွဲ့စည်းဖို့ စီစဉ်ဆောင်ရွက်နေပြီး မကြာခင် အကောင်အထည် ပေါ်လာမယ်လို့ ဆိုပါတယ်။
