စီရော်နယ်ဒိုကို ပြန်ခေါ်ရန် မန်ယူပရိသတ်အချို့ ကြိုးပမ်း

876
မန်ချက်စတာယူနိုက်တက် ပရိသတ်အချို့ဟာ အသင်းရဲ့ ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပြန်လည်ဆွဲဆောင် ခေါ်ယူဖို့ ကြိုးပမ်းမှုတခုကို ပြင်ဆင်နေ ကြပါတယ်။
လက်ရှိ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်မှာ ကစားနေတဲ့ ရော်နယ်လ်ဒိုကို ပြန်လာဖို့ ဆွဲဆောင်တဲ့အနေနဲ့ ရီးရဲလ်အသင်း ကစားမယ့် လာမဲ့ လာလီဂါပွဲစဉ်မှာ Come Home Ronaldo ဆိုတဲ့ စာတန်းကို ချိတ်ဆွဲထားတဲ့ လေယာဉ်ပျံနဲ့ ဘောလုံးကွင်းပေါ် ဖြတ်ကျော် ပျံသန်းဖို့ United Reel ပရိသတ်အဖွဲ့က စီစဉ်နေတဲ့အကြောင်း သူတို့ရဲ့ တွစ်တာမှာ ဖော်ပြထားပါတယ်။
အသင်းပရိသတ်တွေဆီိက အလှူငွေ ကောက်ခံပြီး အဲဒီလှုပ်ရှားမှုကို အကောင်အထည် ဖော်မယ်လို့ ဆိုပါတယ်။
မန်ယူပရိသတ်တွေဟာ မန်နေဂျာဟောင်း ဒေးဗစ်မိုယက်စ် လက်ထက်က အသင်းရလဒ်တွေ ကျဆင်းနေချိန် မှာ Wrong One – Moyes Out ဆိုတဲ့ စာတန်း ချိတ်ဆွဲထားတဲ့ လေယာဉ် အိုးလ်ထရက်ဖို့ဒ်ကွင်းပေါ် ပျံသန်းခဲ့ပြီး မိုယက်စ် နုတ်ထွက် ဖို့ တောင်းဆိုခဲ့ဖူးပါတယ်။
ရော်နယ်လ်ဒိုကတော့ သူ့အနာဂတ်က ရီးရဲလ် ဖြစ်သလို အသင်းမှာ ပျော်ရွှင်နေပြီး အနာဂတ်ကိုလည်း ဒီ အသင်းမှာပဲ ဖြတ်သန်းမှာလို့ ပြောပါတယ်။
