DVB Logo
Home
မြန်မာသတင်း
စဥ့်ကူးက သဲဖုံးခဲ့သည့် ရေမြတ်ရွာ နေရာပြောင်းရွှေ့ချထားရန် ပြင်
DVB
·
September 25, 2014
စဥ့်ကူးက သဲဖုံးခဲ့သည့် ရေမြတ်ရွာ နေရာပြောင်းရွှေ့ချထားရန် ပြင်
1 / 15
Donate to DVB

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက သဲဖုံးလွှမ်းသွားခဲ့တဲ့ ရေမြတ်ရွာကို နေရာပြောင်းရွှေ့ပေးဖို့ သက်ဆိုင်ရာက စီစဉ်နေပြီး ရွာသားတွေထံက သဘောတူကြောင်း လက်မှတ်ကောက်ယူသွားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်မှာ မိုးကြီးပြီး ရေလွှမ်းမိုးခဲ့တဲ့ ရေမြတ်ရွာဟာ အနီးနားရွာတွေနဲ့မတူဘဲ နေအိမ်တွေကို သဲထုဖုံးလွှမ်းခဲ့တာပါ။

ရေမြတ်ရွာနဲ့ ၂ ဖာလုံလောက်အကွာမှာရှိတဲ့ ရွှေလုပ်ကွက်ဖက်စပ်ကုမ္ပဏီတခုက မြေနံရံတွေကို ရေပိုက်ကြီးတွေနဲ့ထိုးပြီး ရွှေရှာထားတဲ့အတွက် မိုးကြီးပြီး ရေကြီးချိန်မှာ အဲ့ဒီင်္လုပ်ကွက်က သဲတွေပါ ပါလာပြီး ရွာကို သဲဖုံးခဲ့တာ ဖြစ်ပါတယ်။

ရေမြတ်ရွာက ရေထဲမျောပါသွားတဲ့ အိမ်တွေနဲ့ သဲဖုံးနေတဲ့ အိမ်တွေကို နေရာပြောင်းရွှေ့ချထားပေးဖို့ အုပ်ချုပ်ရေးပိုင်းက စီစဉ်နေတယ်လို့ စဥ့်ကူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ကိုကျော်စွာဦးက အခုလိုပြောပါတယ်။

“ရွာရဲ့ မြောက်ဘက်က ကျောက်ကုန်းပေါ်ကို ရွှေ့ပေးဖို့ စီစဉ်နေပါတယ်။ ကျောက်ကုန်းပေါ်မှာ အရင် ဓားမဦးချလုပ်နေတဲ့ ကိုဖိုးဆန်းဆိုတဲ့ ယာပိုင်ရှင်က ၂ ဧကလောက် ပါပါတယ်။ အဲဒီ ၂ ဧကကို ယာပိုင်ရှင်က စွန့်လွှတ်လိုက်ပါတယ်။ အဲဒီနေရာတွေမှာ အိမ်ခြေ ၇၈ လုံးကို ပြန်ပြီးနေရာ ချထားပေးမယ်လို့ စီစဉ်ထားပါတယ်။ နယ်ပိုင်က လာပြီး ပြောသွားပါပြီ၊ သူတို့ ရွှေ့လို့ရမယ် သဘောတူညီတယ်ဆိုရင် လက်မှတ်ထိုးပါဆိုတော့ ရွာသားတွေက လက်မှတ်ထိုးပေးလိုက်ပါတယ်။”

စက်တင်ဘာ ၂၄ ရက်က နေရာပြောင်းဖို့ သဘောတူတဲ့လက်မှတ် လာကောက်ယူသွားတာလို့လည်း ပြောပါတယ်။

ရေမြတ်ရွာမှာ အိမ်ခြေ ၂၀၀ လောက်ရှိပြီး လူဦးရေ ၈၀၀ လောက် နေထိုင်ပါတယ်။

ရေမြတ်ရွာအနီးမှာရှိတဲ့ ကျည်တောက်ပေါက်ရွာ၊ ပုညသုခနာကူအသင်းဥက္ကဋ္ဌ ဦးအောင်စိုးကလည်း ရွာသားတွေအနေနဲ့ မူလနေရာမှာ မနေရဲကြတော့လို့ နေရာပြောင်းချင်နေကြတာလို့ ပြောပါတယ်။

“သူတို့ နေဖို့ခက်သွားပြီ။ အရင်တုန်းက ပိုနေမြဲ၊ ကျားနေမြဲအတိုင်း နေလာခဲ့တာက နှစ်ပေါင်း ၂၀၊ ၃၀ နေလာခဲ့တယ်။ အရင်ကလည်း သူတို့က ချောင်းဘေး၊ ချောင်းပေါ်၊ သို့သော် မိုးရွာရင် ရေက အလိုလိုစီးဆင်းပြီး ပျောက်သွားတဲ့နေရာပေါ့။ အခုကျတော့ အထက်ကလည်းထုတ်၊ အောက်ကလည်း ကားလမ်းက တာပေါင်ဆယ်ထားသလို ဖြစ်နေတော့ ဒီအလယ်မှာ မနေရဲကြတော့တာပေါ့။”

သူတို့အသင်းက ရေမြတ်ရွာသားတွေစားဖို့ ထမင်းထုပ်တွေ ၅ ရက်ဆက်တိုက် ဝေခဲ့တယ်လို့လည်း ပြောပါတယ်။

ရေမြတ်ရွာသားတွေဟာ လတ်တလော ရေလွတ်တဲ့ ဘုန်းကြီးကျောင်းနဲ့ သဲမဖုံးတဲ့ အိမ်တချို့မှာ စုပေါင်းနေထိုင်နေကြပြီး မန္တလေး၊ မိုးကုတ်နဲ့ စဥ့်ကူး စတဲ့ မြို့တွေက လူမှုကူညီရေးအသင်းတွေနဲ့ စေတနာရှင်ပြည်သူတွေက အစားအသောက်နဲ့ အလှူငွေတွေ လာရောက်ထောက်ပံ့လှူဒါန်းနေကြတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်ထဲ တောင်တရုတ်ပင်လယ်က တိုင်ဖုန်းမုန်တိုင်း အကြွင်းအကျန်တိမ်တိုက်ကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မန္တလေးတိုင်း ဒေသတချို့မှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ရာမှာ လူသေဆုံးမှုရှိခဲ့ပြီး ရေမြတ်ရွာသား ၄ ယောက်လည်း သေဆုံးခဲ့ပါတယ်။

[gallery ids="66018,66019,66020,66021,66022,66023,66024,66025,66026,66027,66028,66029,66030,66031,66032"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013