Home
မြန်မာသတင်း
ရဲကားနှင့်တိုက်မိမှုကြောင့် မြန်မာအလုပ်သမား ၃ ဦး သေ၊ ၂ ဦးဒဏ်ရာရ
နန်းမြနဒီ
·
September 25, 2014
ထိုင်းနိုင်ငံမြောက်ပိုင်း လန်ပန်ခရိုင် လန်ပန်မြို့မှာ  ထိုင်းရဲကားတစီးနဲ့ မော်တော်ဆိုင်ကယ် ၂ စီး တိုက်မိပြီး ဆိုင်ကယ်စီးတဲ့ မြန်မာအလုပ်သမား ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရတယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ လမ်းပန်းမြို့ ပုန်ဆိုင်ထောင်းန်ရပ်ကွက် ချင်းမိုင်-လန်ပန် စူပါဟိုက်ဝေးလမ်းမကြီးပေါ်မှာ စက်တင်ဘာ ၂၅ ရက်  မနက် ၂  နာရီကျော်က ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းပေးချက် လက်ခံရရှိပြီး တာဝန်ရှိရဲတပ်ဖွဲ့ဝင်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်စစ်ဆေးရာမှာ ပွဲချင်းပြီး သေဆုံးသူ ၃ ဦး နဲ့ ဒဏ်ရာရသူ ၂ ဦးတို့ကို တွေ့ရှိခဲ့တယ်လို့ လန်ပန်ခရိုင် မြို့မရဲစခန်းက အထူးစုံစမ်းစစ်ဆေးရေးအရာရှိ ဗိုလ်မှူး ကမွန်း ခစ်အန်က သတင်းထောက်တွေကို ပြောပါတယ်။ 10629262_824979330858715_8250548813278244281_oဆက်လက်စစ်ဆေးချက်အရ တိုယိုတာ အဖြူရောင် မှန်လုံကားဟာ အမှတ် ၅ ဒေသ ရဲတပ်ဖွဲ့ရဲ့ကားဖြစ်ပြီး ယာဉ်မောင်းသူမှာလည်း ဒုတပ်ကြပ် ဖိထတ်ဖုန်းကျိုင်မာ အသက် ၂၆ နှစ်ဖြစ်ကြောင်း၊ တာဝန်ဝတ္တရားအရ ဖစ်ခ်ျပူရီခရိုင်ကို အသွားလမ်းမှာ မိုးရွာနေပြီး လမ်းပြောင်းပြန်မောင်းလာတဲ့ ဆိုင်ကယ် ၂ စီးကို တိုက်မိခဲ့တာလို့ ထိုင်းရဲအရာရှိက ဆက်ပြောပါတယ်။ သေဆုံးသူ ၃ ဦးမှာ မြန်မာအလုပ်သမားတွေ ဖြစ်ပြီး ဒဏ်ရာရသူ ၂ ဦးကတော့ ကားမောင်းသူ ထိုင်းရဲတပ်ကြပ် နဲ့ အခြားမြန်မာအလုပ်သမားတဦးတို့ဖြစ်ကာ လန်ပန်ဆေးရုံကြီးမှာ တင်ထားတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက လန်ပန်ခရိုင်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ယာဉ်မတော်တဆဖြစ်မှုဟာ စက်တင်ဘာ ၂၄ ရက် ည ၁၁ ခွဲက ဖြစ်ခဲ့တာဖြစ်ပြီး ဒီမနက်မှ တိုင်ကြားချက် လက်ခံရရှိကြောင်း၊ သေဆုံးသူ ၃ ဦး နဲ့ ဒဏ်ရာရသူ ၁ ဦးတို့ဟာ မြန်မာအလုပ်သမားတွေ ဖြစ်ကြပြီး မှတ်ပုံတင်အထောက်အထား မတွေ့ဘူးလို့ တာဝန်ကျ ရဲဝန်ထမ်းက ပြောပါတယ်။ ဒဏ်ရာရ သူတဦးမှာလည်း ဒဏ်ရာပြင်းထန်တဲ့အတွက် အသေးစိတ် စစ်ဆေးမေးမြန်းခြင်း မပြုနိုင်သေးကြောင်း၊ လောလောဆယ် သေဆုံးသူ ၃ ဦးရဲ့ အထောက်အထားကို ရရှိဖို့ သက်ဆိုင်ရာ အလုပ်သမားရုံးနဲ့ ဆက်သွယ် အကြောင်းကြားထားသလို မိဘဆွေမျိုးတွေနဲ့လည်း ဆက်သွယ်နိုင်ဖို့ ကြိုးစားနေကြောင်း၊ သေဆုံးသူ အားလုံး အသက် ၃၀ ကျော် လူရွယ်ပိုင်းတွေ ဖြစ်တယ်လို့ လမ်းပန်းရဲစခန်းက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024