အိန္ဒိယ၏ စရိတ်နည်းအာကာသယာဉ် အင်္ဂါဂြိုလ်ပတ်လမ်းပေါ် အောင်မြင်စွာဝင်ရောက်

892
အိန္ဒိယရဲ့ အင်္ဂါဂြိုလ်ကိုသွားမယ့် စရိတ်နည်းစစ်ဆင်ရေး အာကာသယာဉ်ဟာ အင်္ဂါဂြိုလ်ရဲ့ ဂြိုလ်ပတ်လမ်း ပေါ်ကို စက်တင်ဘာလ ၂၄ ရက်နေ့က အောင်အောင်မြင်မြင် ဝင်ရောက်သွားပါပြီ။
ဒါကြောင့်အိန္ဒိယဟာ မဖြစ်နိုင်လုနီးပါး စစ်ဆင်ရေးကို ပွဲဦးထွက် ပထမဆုံးအကြိမ်မှာ အောင်မြင်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။ ဒီစစ်ဆင်ရေး ကြောင့် အိနိယဟာ အင်္ဂါဂြိုလ်ကိုရောက်မယ့် အာရှရဲ့ပထမဆုံးနိုင်ငံ ဖြစ်လာတာပါ။
၂၀၁၁ ခုနှစ်က ဒေသတွင်းပြိုင်ဖက်ဖြစ်တဲ့ တရုတ်ရဲ့အားထုတ်မှုဟာ ကမ္ဘာ့ပတ်လမ်းကနေ ထွက်ဖို့ ကြိုးစားရင်း မအောင်မြင်ဖြစ်ခဲ့ပါတယ်။ အင်္ဂါဂြိုလ်ပတ်လမ်း လုပ်ငန်းစဉ်အတွက် အမေရိကန်ဒေါ်လာ ၇၄ သန်းကုန် ကျပြီး ဒါဟာ အော်စကာ ဆုရ ရုပ်ရှင်ရဲ့ ကုန်ကျစရိတ် ၄ ပုံ ၃ ပုံဖြစ်ပါတယ်။
ခုတော့ အိန္ဒိယဟာ အင်္ဂါဂြိုလ်ပတ်လမ်းပေါ် အာကာသ ယာဉ်လွှတ်တင်နိုင်တဲ့ အမေရိကန်၊ ရုရှနဲ့ ဥရောပ နိုင်ငံအနည်းစုအုပ်စုထဲမှာ ပါခဲ့ပါပြီ။ ဒါပေမယ့် တခြား နိုင်ငံတွေဟာ ပွဲဦးထွက် လွှတ်တင်မှုတွေ အကြိမ်ရေအတော်များများထိ မအောင်မြင်ဖြစ်ခဲ့ကြတာပါ။
အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက ဒီသမိုင်းဝင်အခါသမယမှာ အိန္ဒိယအာကာသ သုတေသန အဖွဲ့က သိပ်ပံ ပညာရှင်တွေကို ချီးကျူးဂုဏ်ပြုတယ်။
မသိသေးတဲ့အရာဆီ ရောက်အောင်သွားရဲခဲ့ပြီး မဖြစ်နိုင်လုနီးပါး ကိစ္စကို အောင်မြင်အောင် ဆွတ်ခူးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အိန္ဒိယရဲ့ နှစ် ၅၀ ဆယ် သက်တမ်းရှိတဲ့ အာကာသ အစီအစဉ်ကို ဝန်ကြီးချုပ်သစ်ရဲ့ လက်ထက်မှာ ပိုကောင်းတဲ့ အခြေခံအဆောက်အဦတွေနဲ့ နည်းပညာတွေသုံးပြီး တိုးချဲ့ဖို့ ရည်မှန်းထားပါတယ်။
အချိန် ၁၀ လကျော်အတွင်း မိုင်ပေါင်း ၄၁၄ သန်းကို ခရီးထွက်အပြီး မန်ဂါရန်း အာကာသယာဉ်ဟာ အင်္ဂါဂြိုလ် မျက်နှာပြင်တွေကို လေ့လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂြိုလ်လေထုထဲက မီသိန်းဓာတ်ငွေ့တွေကိုလည်း ဓာတ်မှန်ရိုက် လေ့လာမှာပါ။
အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ် ဆင်းသက်မှာတော့ မဟုတ်ပါဘူး။ စက်တင်ဘာလ ၂၁ ရက်နေ့က နာဆာက လွှတ်တဲ့ အာကာသယာဉ် မာဗင် လည်း အင်္ဂါဂြိုလ် ပတ်လမ်းပေါ်ဆင်းခဲ့ပြီး အပေါ်ပိုင်း လေထုကို လေ့လာဖို့ ရည်စူးထားပါတယ်။
မာဗင်အာကာသယာဉ်ကတော့ အိန္ဒိယအာကာသယာဉ်ထက် ကုန်ကျစရိတ် ၁၀ ဆနီးပါး ပိုများခဲ့ပါတယ်။
