ဂျပန်က ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်

1K
ဂျပန်က ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုတိုးလုပ်လိုက်တယ်လို့ စက်တင်ဘာလ ၂၄ ရက်နေ့က ကြေညာပါတယ်။ ကန့်သတ်ချက် အသစ်အတွင်း ရုရှားဘဏ်တချို့ကို ဂျပန်နိုင်ငံထဲမှာ အစုရှယ်ယာလက်မှတ် တွေကို ထုတ်ပေးမှု မလုပ်နိုင်အောင် ပိတ်ပင်ထားပါတယ်။
ရုရှားဆီကို လက်နက်တွေသင်္ဘောတင်ပို့မှုကို တားဆီးဖို့ စစ်ဆေးမှုတွေကိုလည်း တိုးမြှင့်မှာပါ။ ဒါဟာ ဂျပန်က တခြားဂျီဆဲဗင်းနိုင်ငံတွေနဲ့ သွေးစည်းကြောင်းပြဖို့ အချိန်ကိုက် စီစဉ်မှုလို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်နဲ့ ထိပ်တန်းအစိုးရပြောခွင့်ရ ယိုရှိဟိဒဲ စုင က ရှင်းပြပါတယ်။
ရုရှားက ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို မတ်လက ကျူးကျော်သိမ်းပိုက်အပြီး ဂျပန်က ရုရှားကို ဒဏ်ခတ်ခဲ့ပေမယ့် ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ထက် အများကြီးလျော့ပါးပါတယ်။
ဂျပန်အစိုးရပြောခွင့်ရကတော့ တကယ်လို့ ရုရှက ယူကရိန်းအကြပ်အတည်းကို ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက်ရင် ဒဏ်ခတ်မှုကို လျော့ပေးနိုင်တယ်လို့ ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဂျပန်ကို စက်တင်ဘာလအတွင်း လာရောက်လည်ပတ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားပေမယ့် ခုတော့ မဖြစ်တော့မယ့် အလားအလားတွေ ရှိနေပါတယ်။
ဒါပေမယ့် ပူတင်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေတို့ နိုဝင်ဘာလမှာ ကျင်းပမယ့် အာရှပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အေးပက် ခေါင်းဆောင်များ ညီလာခံအတွင်း ဆက်စပ် အစည်းအဝေးတွေမှာ ဆွေးနွေးနိုင်မယ့် ဖြစ်နိုင်ချေတွေကို မျက်စိကျနေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
