နိုင်ငံခြားဖြစ် ၀ိုင် တင်သွင်းခွင့်ပြုမည်
DVB
·
September 25, 2014
နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ၀ိုင်တင်သွင်းခွင့် လုံးဝ ပိတ်ပင်ထားရာကနေ ပထမ အဆင့်အနေနဲ့ နိုင်ငံခြားဖြစ် ၀ိုင်ကို အလျင်ဦးဆုံး တင်သွင်းခွင့်ပြုမယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
လက်ရှိ ၀ိုင်တင်သွင်းခွင့်အတွက် စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ခွင့်ပြုချက် ပေးခဲ့ပြီ ဖြစ်ပြီး အခွန်ဘယ်လောက် သတ်မှတ်မလဲ ဆိုတာကိုတော့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနဘက် ဆက်တင်ပြထားတယ်လို့ သူက ရှင်းပြပါတယ်။
လောလောဆယ် မြန်မာနိုင်ငံအတွင်းကို အရက်၊ ဘီယာနဲ့ ၀ိုင် တင်သွင်းခွင့် လုံးဝ ပိတ်ပင်ထားပြီး နိုင်ငံခြားသားတည်းခိုတဲ့ ဟိုတယ်တွေနဲ့ လေဆိပ်အခွန်လွတ် ဆိုင်တွေအတွက်ကိုတော့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ သွင်းခွင့် ပြုထားပါတယ်။
လက်ရှိ တနိုင်ငံလုံးက စတိုးဆိုင်၊ အရက်ဆိုင်နဲ့ စားသောက်ဆိုင်၊ ကုန်တိုက်တွေမှာ ရောင်းချနေတဲ့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ၀ိုင် အားလုံးဟာ တရားမ၀င် မှောင်ခို တင်သွင်းလာတာတွေချည်း ဖြစ်ပါတယ်။