DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုင်းရင်းသားတွေဘက်က အချက် ၄ ချက်သဘောမတူ
DVB
·
September 24, 2014
အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုင်းရင်းသားတွေဘက်က အချက် ၄ ချက်သဘောမတူ
Donate to DVB

ရန်ကုန်မြို့မှာကျင်းပနေတဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ၃ ရက်မြောက်ရှိနေပေမယ့် တိုင်းရင်းသားတွေဘက်က အချက် ၄ ချက်သဘောမတူသေးဘူးလို.တိုင်းရင်းသားခေါင်း ဆောင်တွေက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ နိုင်ဟံသာဦးဆောင်တဲ့ တပြည်လုံးအပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)တို့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်အတွက် စက်တင်ဘာ ၂၂ ရက်နေ့ကတည်းက စတင်ဆွေးနွေးနေတာပါ။

10698609_10152768026618594_4127712614752328262_nအန်စီစီတီ ခေါင်းဆောင်နိုင်ဟံသာကတော့ တပ်ပိုင်းဆိုင်ရာကိစ္စ၊ Road Map ကိစ္စ၊ ကြားကာလနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အဖွဲ့ဘယ်နှဖွဲ့တက်မလဲစတဲ့ ကိစ္စတွေကို သဘောမတူဘူးလို့ အခုလိုပြောပါတယ်။
“Road Map တွေမှာလည်း သဘောမတူတဲ့ အပိုင်းတွေရှိတယ်။ နောက် နိုင်ငံရေးဆွေးနွေးပွဲမှာ ဘယ်နှဖွဲ့ ပါမလဲဆိုတာလည်း အမြင်မတူကြဘူး။ အခုသူတို့ တင်ပြတာကတော့ အုပ်စု ၇ စုပေါ့ဗျာ။ တပ်ပိုင်းဆိုင်ရာရော Road Map ပိုင်းရော ကြားကာလအနေအထားလည်း ပါတယ်။ နောက်ပြီး နိုင်ငံရေးဆွေးနွေးဖို့ ဘယ်နှဖွဲ့ဆိုတာလည်း ပါတယ်။”

အန်စီစီတီအဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်းကတော့ အစိုးရဘက်က နောက်ကြောင်းပြန် ဆွေးနွေးမှုတွေရှိနေတဲ့အပေါ် အခုလိုပြောကြားလိုက်ပါတယ်။
“ဒီနေ့တော့ တော်တော်များများ ဆွေးနွေးတယ်။ တိကျသော သဘောတူညီချက်တော့ မရသေးဘူး။ ရှေ့ဆက်ဆွေးနွေးနိုင်ဖို့ လမ်းဖွင့်ထားပါတယ်။ သို့သော် တချို့နေရာမှာတော့ နည်းနည်းပါးပါး နောက်ကြောင်းပြန်ဆွေးနွေးတာ အများကြီး ရှိတယ်။ ဥပမာ အားဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ကျနော်တို့ ဖော်ပြချင်တဲ့ နိုင်ငံရေး၊ တွေ့ဆုံဆွေးနွေးရေး လမ်းပြမြေပုံ ကိစ္စတွေကို အသစ်လိုလို ပြန်ဆွေးနွေးတာတွေ့ရပါတယ်။ ၂ ချက် ၃ ချက်လောက် သူတို့အနေနဲ့ ပြန်လည်တင်ပြတာ ရှိတယ်။ အဲဒီအပေါ်မှာ အချိန်ယူပြီး ဆွေးနွေးရပါတယ်။”

တပ်နေရာချထားရေးကိစ္စတွေကို အပစ်ရပ်စာချုပ်ထဲမှာ တခါတည်း ဆွေးနွေးစေချင်တယ်လို့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ တနိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ကချင်လွတ်လပ်ရေး တပ်မတော်(ကေအိုင်အေ) စစ်မဟာဗျူဟာလေ့လာရေးဌာနမှူး ဗိုလ်မှူးကြီးဇော်တောင် ကလည်း ဒီဗွီဘီကို ပြောကြားပါတယ်။
“ကျနော်တို့ဘက်ကတော့ တပ်နေရာချထားရေး ကိစ္စတွေရော တခါတည်း ဒီမှာ တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ တပ်နေရာချထားရေးကိစ္စကို တပါတည်း ဆွေးနွေးသွားနိုင်မှ ဖြစ်မယ်လို့ အဲဒီလို ယုံကြည်ထားတယ်။”

အစိုးရဘက်က ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီကို ဦးအောင်မင်းက ဦးဆောင် သလို တပ်မတော်က ကိုင်စွဲတဲ့မူတွေအတွက် ဆွေးနွေးဖို့ တပ်မတော် ဗိုလ်ချုပ်ကြီး ၄ ဦးလည်း ဒီဆွေးနွေးပွဲ တက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အန်စီစီတီကို နိုင်ဟံသာက ဦးဆောင်ပြီး ဒီတခေါက် ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာ အကြီးအကဲတချို့လည်း တက်ရောက်ပါတယ်။

ဒီတကြိမ်ဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့ထိကျင်းပဖို့ ရည်ရွယ်ပြီး ကျန်ရှိတဲ့ အချက် ၅ ချက်ကို ညှိနှိုင်းကြဖို့ ဖြစ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွတ်တော်ကလည်း အပစ်​အခတ်​ရပ်​ကြဖို့ သက်​ဆိုင်​ရာ အဖွဲ့အသီးသီးကို တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013