ဖွဲ့စည်းပုံ အခြေခံဥပဒေ လူထုသိရန် သီချင်းအပုဒ် ၄၀ ကျော် လွှင့်ခဲ့ဟု ၀န်ကြီးပြော

980
ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုသိရန် သီချင်းအပုဒ် ၄၀ ကျော် လွှင့်ခဲ့ပြီးပြီလို့ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စိုးရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြည်သူတွေ သိဖို့ ဘယ်လိုဆောင် ရွက်မလဲဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့တာပါ။
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားအနေနဲ့ ၁၉၉၇ ခုနှစ်က ၂၀၀၇ ခုနှစ်အထိ အခြေခံမူ အသေးစိတ်ဆွေးနွေးတာတွေကို နေ့စဉ် သတင်းအစီအစဉ်မှာ ထုတ်လွှင့်ခဲ့တယ်လို့ ၀န်ကြီးက ပြောပါတယ်။
ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာတွေကို သိဖို့အတွက်လည်း ၂၀၀၈ အတွင်းမှာ သီချင်း ၄၂ ပုဒ်၊ ဇာတ်လမ်းတို ၆ ကား၊ ဆွေးနွေးခန်း ၈ ခုထုတ်လွှင့်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၈ က ပုဒ်မ တွေကို အခြေခံတဲ့ ရုပ်မြင်သံကြားဇာတ်လမ်းကိုလည်း ၂၀၁၂ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဥပဒေစကားဝိုင်းဆွေးနွေးပွဲကိုလည်း ဒီနေ့အချိန်ထိ သုံးကြိမ်ထုတ်လွှင့်ထားပြီလို့ ၀န်ကြီးက ပြောပါတယ်။
မြို့နယ်အသီးသီးမှာရှိတဲ့ စာကြည့်တိုက်တွေမှာလည်း အခြေခံဥပဒေစာအုပ်ရှိနေလို့ လေ့လာနိုင်တယ်လို့ ဆိုပါတယ်။
