DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံကို ဆန်ရောင်းရင် ပစ္စည်းအပ်ငွေချေစနစ် ကျင့်သုံးရန် အရေးကြီး
DVB
·
September 22, 2014
တရုတ်နိုင်ငံကို ဆန်ရောင်းရင် ပစ္စည်းအပ်ငွေချေစနစ် ကျင့်သုံးရန် အရေးကြီး
Donate to DVB

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဆန်တင်ပို့ရောင်းချနေတဲ့ ကုန်သည်တွေအနေနဲ့ နစ်နာဆုံးရှုံးမှုတွေ မဖြစ်ပေါ်စေဖို့ ဆန်အရောင်းအ၀ယ် လုပ်ဆောင်ရာမှာ မြန်မာဘက်ခြမ်းမှာကို ပစ္စည်း အပ်ငွေ ချေစနစ်ကို ကျင့်သုံးဖို့ အရေးတကြီးလိုအပ်တယ်လို့ မူဆယ်ဆန်ကုန်စည်ဒိုင်က သတိပေး ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ကနေ စတင်ပြီး တရုတ်နိုင်ငံဘက်ခြမ်းမှာ တရားမ၀င် တင်သွင်းတဲ့ဆန်တွေကို သိမ်းဆည်းတာ၊ တရုတ်ကုန်သည်တွေကို ခေါ်ယူစစ်ဆေး ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်ဆောင်လျက်ရှိရာမှာ မြန်မာဆန်ကုန်သည်တွေအနေနဲ့ ငွေကြေးဆုံးရှုံးမှု မဖြစ်ဖို့ ပစ္စည်းအပ်ငွေချေစနစ်ကို ကျင့်သုံးဖို့ မူဆယ်ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးချမ်းသာဦးက တိုက်တွန်းလိုက်တာပါ။

Riceတရုတ်နိုင်ငံနဲ့ ဆန်အရောင်းအ၀ယ် လုပ်ဆောင်ရာ မှာ မြန်မာနိုင်ငံဘက်က ကုန်စည်ဒိုင်တွေမှာ လာရောက်ဝယ် ယူကြပေမယ့်  အကြွေးစနစ် နဲ့ ရောင်းချရ တာ ဖြစ်သလို ရွှေလီအထိ အရောက် ပို့ဆောင်ပေး ရပြီး ငွေရရှိဖို့လည်း သတ်မှတ် ရက်ကို စောင့် ဆိုင်းရတယ်လို့ သူက ပြောပါတယ်။

ငွေရဖို့ စောင့်ဆိုင်းနေစဉ်အတွင်း တရုတ်ကုန်သည်တွေက တရားမ၀င်တင်သွင်းတဲ့ အတွက် တရုတ်အစိုးရရဲ့ ဖမ်းဆီးတာခံရမယ်ဆိုရင်တော့ ရရှိဖို့ရှိတဲ့ ငွေတွေဆုံးရှုံးနိုင်လို့ ပစ္စည်းအပ်ငွေချေစနစ်ကို အကောင်ထည်ဖော်ဖို့ တိုက်တွန်းတာလို့ ဦးချမ်းသာဦးက ပြောပါတယ်။

“ဟိုဘက်က သူတို့ဘာသာသူတို့ မည်သို့နည်းလမ်းနဲ့ သွားသည်ဖြစ်စေ၊ ကုန်သည်တွေအနေနဲ့ ဆိုးကျိုးခံစားရခြင်းမရှိဘူး။ ဒီစနစ်ကြောင့် ကျနော်တို့ နိုင်ငံက ဆန်စပါးလုပ်ကိုင်သူတွေအနေနဲ့ အခက်အခဲ မရှိနိုင်ဘူး။ ငွေကြေးဆုံးရှုံးတဲ့အဖြစ်အပျက်တွေ မရှိနိုင်ဘူး။ ”

အနယ်နယ်အရပ်ရပ်က မူဆယ်ကို တင်ပို့ရောင်းချရတာ ဖြစ်တဲ့အတွက် ဒီစနစ်ကို အကျိုးအမြတ်ရယူခြင်း မရှိတဲ့ မူဆည်ကုန်စည်ဒိုင် တခုတည်းနဲ့ အကောင်ထည်ဖော်နိုင်ဖို့က အားနည်းနေသလို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် စီးပွားကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနတို့ရဲ့ ဦးဆောင်မှုနဲ့ အကောင်ထည်ဖော်ရင်တော့ အောင်မြင်နိုင်တယ်လို့ သူက ပြောပါတယ်။

ဒီအတွက် လိုအပ်တဲ့ စည်းမျဉ်းတွေ၊ မူဘောင်တွေ ချမှတ်နိုင်ဖို့ ဆန်စပါး အသင်းချုပ်နဲ့ စီးပွားကူးသန်း ၀န်ကြီးဌာနတို့က ဦးဆောင်ပြီး အနယ်နယ်အရပ်ရပ်က ဆန်ကုန်သည်တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပေးဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက အစကတည်းက လက်ငင်း ရောင်းချရင် ပြဿနာ မရှိနိုင်ပေမယ့် အကြွေးရောင်းချတဲ့အတွက် ရောင်းချမှု စနစ်လွဲမှားနေသလို ဆန်ကုန်သည်တွေ စည်းလုံးညီညွတ်ဖို့ လိုတယ်လို့ ပြောပါတယ်။

“ကိုယ့်ရဲ့ ဆန်ကုန်သည်တွေ ညီညွတ်ဖို့ပဲ လိုတာပေါ့။ ဆန်ကုန်သည်တွေက အကြွေးမရောင်းဘူး၊ လက်ငင်းပဲ ရောင်းမယ်ဆိုပြီး ညီညွတ်ရင် သူ့ဟာသူ ၀ယ်လာမှာပေါ့။ အစကတော့ နည်းနည်းခက်မယ်၊ နောက်တော့ တဖြည်းဖြည်းချင်းလိုက်လာမှာပေါ့။ ဒါကတော့ အစိုးရပိုင်းအနေနဲ့ရော၊ ဆန်စပါးအသင်းချုပ် ဗဟိုအနေနဲ့ကလည်း အများကြီးတော့ လုပ်ပေးလို့ မရဘူး။ တွေ့ပြီး မေတ္တာရပ်ခံလို့ပဲရတယ်။ ဒါက ကိုယ့်ဟာကိုယ် အချင်းချင်းပြန်ညှိလိုက်တာကတော့ ပိုပြီးလွယ်ကူတာပေါ့။ ရောင်းချတဲ့စနစ်ကလည်း ကိုယ်ဟာကိုယ် အချင်းချင်းညှိနှိုင်းပြီးဆောင်ရွက်တဲ့ စနစ်ဖြစ်နေတာ။ ဘယ်သူမှ သတ်မှတ်လို့ မရပါဘူး။ လက်ငင်းငွေချေစနစ်နဲ့ ရောင်းပါဆိုလည်း သူတို့ လိုက်နာချင်မှ လိုက်နာမှာ။ သူတို့အချင်းချင်းညှိပြီး ငါတို့လုပ်ကြမယ်ဆိုတာမျိုးက ပိုပြီးအဆင်ပြေမယ်လို့ ကျနော်ထင်တယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လက ဗီယက်နမ် နယ်စပ်မှ တရားမ၀င် တင်သွင်းတဲ့ ဆန်တန်ချိန် ၆ သောင်းလောက် ဖမ်းဆီးခဲ့ပေမယ့် ဗီယက်နမ်ကုန်သည်တွေက သူတို့နိုင်ငံဘက်အခြမ်းမှာ ပစ္စည်းအပ်ငွေချေ စနစ်ကို ကျင့်သုံးတဲ့အတွက် ကုန်သည်တွေ ဆုံးရှုံးနစ်နာမှု မရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ဆန်တင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ တရုတ်နိုင်ငံဘက်ကို တင်ပို့နေတာဖြစ်ပါတယ်။ မြန်မာဘက်က တရားဝင်တင်ပို့ပေမယ့် တရုတ်ဘက်က မြန်မာ့ဆန်ကို တရားဝင်တင်သွင်းခွင့်မပေးတာကြောင့် အစိုးရပိုင်းက တရားဝင်ဖြစ်လာအောင် ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013