ဆီရာလီယွန်တွင် အိမ်ပြင်မထွက်ရနေ့ သတ်မှတ်ပြီးနောက် အီဘိုလာလူနာများ ထပ်မံတွေ့ရှိ

ဆီရာလီယွန်နိုင်ငံမှာ အိမ်အပြင်မထွက်ရနေ့ သတ်မှတ်ပြီး အီဘိုလာရောဂါ စစ်ဆေးပညာရေးပေးမှုတွေကို ဆောင်ရွက်နေချိန်အတွင်း နောက်ထပ် ရောဂါသည်တွေကို တွေ့ရှိခဲ့ရတယ်လို့ အရာရှိတွေက ပြောပါတယ်။ ebola1သံသယလူနာ အားလုံးကို အတည်မပြုနိုင်သေးပေမယ့် အခုအထိ ပေါလိုကို မြို့မှာ လူနာ ၂၂ ယောက်ကတော့ ရောဂါဖြစ်ဖို့ အပေါင်းလက္ခဏာပြနေတဲ့ လူနာတွေ ဖြစ်တယ်လို့ အီဘိုလာ အရေးပေါ်စီမံချက် ညှိနှိုင်းရေးမှူး စတီဗင် ဂိုဂျိုင်းက ပြောပါတယ်။ တချို့နေရာတွေမှာ လူတွေက ၃ ရက်ကြာ အိမ်အပြင်မထွက်ရ စီမံချက်ကို အာခံတာနဲ့ အီဘိုလာ ရောဂါကြောင့်သေဆုံးသွားသူတွေကို မြှုပ်နှံပေးတဲ့အဖွဲ့တွေကို တိုက်ခိုက်လို့ ရဲတွေက အချိန်မီ တားဆီးပေးခဲ့ရပါတယ်။ ဒီနေ့ တနင်္ဂနွေနေ့ ဆိုရင် ကျန်းမာရေးလုပ်သား၊ စေတနာဝန်ထမ်း၊ ဆရာဆရာမ ၃ သောင်း နီးပါးဟာ လူဦးရေ ၆ သန်း နီးပါး ရှိတဲ့ နိုင်ငံတ၀ှမ်းမှာ အိမ်တိုင်းစေ့ စစ်ဆေးပညာပေးတဲ့ လုပ်ငန်း ပြီးမြောက်ဖို့ ရှိပါတယ်။ ရေဒီယို လိုင်းတွေမှာ အီဘိုလာ ပညာပေးတဲ့ သီချင်းတွေကို အဆက်မပြတ် ဖွင့်ထားသလို၊ လူတိုင်း အိမ်ထဲမှာ နေကြဖို့ ဆက်ပြီး တိုက်တွန်းထားပါတယ်။ အီဘိုလာ ရောဂါဟာ ဆီရာလီယွန်း၊ ဂီနီ၊ လိုက်ဘေးရီးယား အပါအ၀င် အနောက်အာဖရိကမှာ လူပေါင်း ၅၃၅၇ ယောက်ကို ကူးစက်ခဲ့တယ်လို့ အတည်ပြုနိုင်ပြီး လူပေါင်း ၂၆၃၀ သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဆီရာလီယွန်း တနိုင်ငံတည်းမှာ အီဘိုလာကြောင့် ၅၆၂ ယောက် သေဆုံးခဲ့ပါတယ်။

More News
Up