DVB Logo
Home
မြန်မာသတင်း
ကလေးနည်းပညာတက္ကသိုလ်တွင် စာမေးပွဲအဖြေလွှာများ ဖောက်ထွင်းဖျက်ဆီးခံရ
DVB
·
September 19, 2014
ကလေးနည်းပညာတက္ကသိုလ်တွင် စာမေးပွဲအဖြေလွှာများ ဖောက်ထွင်းဖျက်ဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က နည်းပညာတက္ကသိုလ်မှာ ကျောင်းသူ ကျောင်းသားတွေ စာမေးပွဲဖြေဆိုထားတဲ့ အဖြေလွှာတွေ ဖောက်ထွင်း ဖျက်ဆီးခံခဲ့ရပြီးနောက် တက္ကသိုလ်အာဏာပိုင်တွေက စာမေးပွဲပြန်စစ်ဆေးမှာကို ကျောင်းသားတွေက လက်မခံဘဲ  ကန့်ကွက်နေကြပါတယ်။

ကလေးနည်းပညာတက္ကသိုလ်က ကျောင်းအုပ်ကြီးရုံးခန်းမှာထားတဲ့  အဖြေလွှာတွေကို စက်တင်ဘာလ ၁၇ ရက်နေ့ညက   ဖောက်ထွင်း ဖျက်ဆီးခံခဲ့ရတာလို့  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က  ခုလို ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

“သူတို့မနေ့က အဖြေလွှာတွေ ဖောက်ခံရတယ်။ အခိုးခံရတာပေါ့နော်။ အခိုးခံရပြီး ရေမြောင်းဘေးမှာ လွှင့်ပစ်သွားတယ်လို့ သတင်းရတယ်။ အဲဒါနဲ့ သူတို့ စိစစ်နေကြတယ်။ အခန်းထဲမှာ ထည့်ထားတာ သူများက လာပြီး အခန်းဖွင့်ပြီး ဘယ်လို ယူသွားလဲ မသိဘူး။ အဲဒါကို စုံစမ်းစစ်ဆေးနေကြတယ်။”

ခုလို အဖြေလွှာတွေ ဖျက်ဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျောင်းအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတုန်းပဲလို့ တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူကပြောပါတယ်။

အဖြေလွှာတွေ ပျောက်ဆုံးတာနဲ့ပတ်သက်ပြီး ကလေးနည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာ အောင်ဇော်လင်းကနေ ပျောက်ဆုံး ပျက်စီးသွားတဲ့ ဘာသာရပ်ဆိုင်ရာ အဖြေလွှာတွေအတွက်  ပြန်လည်ဖြေဆိုဖို့ ထုတ်ပြန်ကြေညာထားတယ်လို့  ကျောင်းသားတွေနဲ့ နီးစပ်တဲ့ မြို့ခံတဦးက ပြောပါတယ်။

“၁၇ ရက်နေ့ ညကဖြစ်တာတဲ့ အဖြေလွှာတွေ ဖျက်ဆီးခံရတာတဲ့။ အဖြေလွှာ သေတ္တာ ၃ လုံးရှိတယ်တဲ့၊၂ လုံးအဖောက်ခံရတယ်လို့ ပြောတယ်။ ကပ်ကြေးနဲ့ ညှပ်ထားတာ အစိတ်စိတ် အမြွှာမြွှာပဲလို့ ပြောတယ်။”

ဒေသခံ ကျောင်းသားမိဘ တဦးကလည်း လက်ရှိအချိန် ကလေးမြို့မှာ စာမေးပွဲ ပြန်ဖြေရေး မဖြေရေးနဲ့ ပတ်သက်ပြီး ကျောင်းသားတွေနဲ့ ဆရာတွေအကြား အခြေအနေ တင်းမာနေတယ်လို့ ပြောပါတယ်။

“ဒီကိစ္စကို စာမေးပွဲ ပြန်ဖြေရမယ်၊ မဖြေရဘူးဆိုတာ ကျောင်းသားတွေနဲ့ ပြဿ     နာ တော်တော်လေး ဖြစ်နေတယ်။ တဖက်နဲ့တဖက် တအားတင်းနေတယ်။ ကျောင်းသားတွေက ဖြေချင်တဲ့သူရှိသလို မဖြေချင်တဲ့သူတွေ လည်း ရှိတယ်။ သူတို့အာဏာပိုင်တွေနဲ့ ဆရာ၊ ဆရာမ တွေမှာ တာဝန်ရှိတယ်လေ။ သူတို့တာဝန်ပျက်ကွက်လို့ ဒီကိစ္စတွေက ဖြစ်တာကိုး။ နေပြည်တော်က စသုံးလုံး ၅ ယောက် ၆ ယောက်လောက်က စစ်ဆေးသွားတယ်လေ။”

ကလေး နည်းပညာတက္ကသိုလ် ကျောင်းသားတွေကတော့   စာမေးပွဲတွေပြန်ဖြေရမယ့် အပေါ် ဒီကနေ့ပဲ  ကြေညာချက်တစောင် ထုတ်ပြန်ပြီး ဆန့်ကျင်ကန့်ကွက်ထားပါတယ်။

ဒီကြေညာချက်မှာတော့ ကျောင်းသားတွေအနေနဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စားမေးပွဲအချိန်ကာလအတွင်း စနစ်တကျ ဖြေဆိုခဲ့ပြီးဖြစ်တဲ့အတွက် ပြန်လည်ဖြေဆိုမယ့် စာမေးပွဲကို ကန့်ကွက်တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင်  အဖြေလွှာစာရွက်တွေ ပျောက်ဆုံး ပျက်စီးတဲ့ ကိစ္စဟာ တာဝန်ရှိသူတွေရဲ့ တာဝန်ပေါ့လျော့မှုသာဖြစ်ပြီး  ကျောင်းသူကျောင်းသားတွေနဲ့ သက်ဆိုင်မှုမရှိကြောင်း၊ ခုလိုအဖြေလွှာတွေ ပျောက်ဆုံးသွားတာဟာ တက္ကသိုလ်အတွက်ကော ကျောင်းသားတွေအတွက်ပါ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့အတွက်  တရားခံတွေကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးဖို့ ကျောင်းသားတွေက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013