Home
မြန်မာသတင်း
မြ၀တီမြို့တွင် ပစ်ခတ်မှုဖြစ်၊ ဒီကေဘီအေ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံး
နော်နိုရင်း
·
September 19, 2014
ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီကနေ့ မနက်အစောပိုင်းက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီကနေ့ မနက် ၁ နာရီလောက်က မြ၀တီမြို့ ကြံခင်းလမ်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ dkbaအခင်းဖြစ်ပွားပုံကတော့ ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်လင်းနိုင်ဆိုသူက အရက်မူးပြီး ကားမောင်းရာက ရပ်ထားတဲ့ကားတွေကို လိုက်တိုက်မိတဲ့အတွက် ဒေသခံတွေက လုံခြုံရေးတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံ တားဆီးပြီး ကားပေါ်ကနေ ဆင်းခိုင်းရာမှာ ဗိုလ်လင်းနိုင်က မဆင်းဘဲ သေနတ်ထုတ်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့လို့ အပြင်းအထန် ဒဏ်ရာရရှိပြီး မြ၀တီဆေးရုံကို ရောက်ပြီးနောက် ၂ နာရီအကြာမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ မြ၀တီမြို့ရှိ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးစောဇောရိုးက “ဒီကေဘီအေတပ်က တယောက်က အရက်မူးပြီး ကားနဲ့ ရပ်ထားတွေကို လိုက်တိုက်တဲ့အတွက် ဒေသခံတွေက လုံခြုံရေးတပ်ဖွဲ့ကို အကြောင်းကြားတယ်။ ဘယ်သူ့ကားလဲ မသိဘူး။ ရပ်ထားတဲ့ ကားတွေကို လိုက်တိုက်နေတယ်ဆိုပြီး လုံခြုံရေးတပ်ဖွဲ့ တွေကလည်း လိုက်ပြီး သူ့ကားကို ပိတ်ဆို့တယ်။ အဲမှာ ရပ်ခိုင်းတာ မရပ်ဘဲ လုံခြုံရေးကားကို ၀င်တိုက်တော့ သူ့ကားက ရပ်သွားတယ်။ လုံခြုံရေးတပ်ကလည်း ဘယ်သူလဲ ကားပေါ်က ဆင်းခိုင်းတယ်။ အဲဒီအချိန်မှာ သူ့ကားကို မီးထိုးထားတာ သူက မဆင်းဘဲ သေနတ်ထုတ်လိုက်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့က သူ့ကို ပစ်လိုက်တာ” လို့ ပြောပါတယ်။ ကားပေါ်အတူပါလာတဲ့ နောက်တပ်ဖွဲ့ဝင်တဦးလည်း ဒဏ်ရာရရှိပြီး လက်ရှိ မြ၀တီဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီကေဘီအေတပ်ဖွဲ့ကို မေးမြန်းရာမှာတော့ ပစ်ခတ်မှု ဖြစ်ပြီး သူတို့ တပ်ဖွဲ့ဝင် သေဆုံးသွားတာ မှန်ကန်ကြောင်းနဲ့ ဖြစ်စဉ်ကိုတော့ လေ့လာစုံစမ်းပြီး ဆွေးနွေး သွားမယ်လို့ ဒီကေဘီအေရဲ့ စစ်ဦးစီးမှူး ဒုတိယတန်း ဗိုလ်မှူးထွန်းထွန်းက ပြောပါတယ်။ “တပ်က သူတို့ ပူးပေါင်းလုံခြုံရေးအဖွဲ့ ဘီဂျီအက်ဖ် ပါတယ်။ တပ်မတော်ပါတယ် စသည်အားဖြင့် လတ်တလောက မြ၀တီမှာ ရှုပ်ထွေးနေလို့ လုံခြုံရေးတွေ တိုးမြှင့်ချထားတာ ရှိတယ်။ ကျနော်တို့လည်း လေ့လာစုံစမ်းနေဆဲ ဖြစ်တယ်။ ပစ်ခတ်မှု ဖြစ်တယ်ဆိုတာလောက်ပဲ သိတယ်။ သူကတော့ ဆုံးသွားတယ်။ နောက်တယောက်တော့ ဒဏ်ရာ ရသွားတယ်။ ဒီဟာက တခုလုံးရဲ့အပေါ် ကြည့်ပြီးသွားမယ်။ အဖြစ်မှန်တွေအပေါ်မှာ လေ့လာမယ်၊ အဖြစ်မှန်အတိုင်း ဆွေးနွေးသွားဖို့ ရှိပါတယ်။” မြ၀တီအခြေစိုက် အစိုးရတပ်ရင်း ၂၇၅ က တာဝန်ရှိသူတွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီကေဘီအေခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ ပြောဆိုခဲ့တဲ့ကြောင်း ကေအန်ယူ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး စောဇောရိုးက ပြောပါတယ်။ မြ၀တီမှာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ၂ ရက်ဆက်တိုက် ချိန်ကိုက်ဗုံး တွေ့ရှိပြီးနောက် အာဏာပိုင်တွေက မြို့တွေမှာ အစိုးရစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေအပြင် နယ်ခြားစောင့်တပ်ရော၊ တခြား အပစ်အခတ် ရပ်စဲရေး ယူထားတဲ့ တပ်တွေကို ခေါ်ပြီး လုံခြုံရေးကို အချိန်ပြည့် တိုးမြှင့်ထားချိန် ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024