DVB Logo
Home
မြန်မာသတင်း
မကွေးမြို့တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဦးစီးသူများ အမှုဖွင့်ခံရ
DVB
·
September 17, 2014
မကွေးမြို့တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဦးစီးသူများ အမှုဖွင့်ခံရ
Donate to DVB

မကွေးတိုင်းမကွေးမြို့မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုတွေ့ဆုံပွဲကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက တာဝန်ရှိသူတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ ရဲစခန်းက ဆင့်ခေါ်ခဲ့ပါတယ်။

10440958_721275224578530_2534852940020936812_n မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို မကွေးမြို့ ကန်သာရပ်ကွက် အေးစေတီဘုရားဝင်းမှာ ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့တာပါ။

မကွေးတိုင်းသာသနာရေး ဦးစီးမှူး ဦးသောင်းရွှေက ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ၁၁ ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့်တိုင်ကြားခဲ့တာလို့ မကွေးတိုင်း အဖွဲ့ချုပ်အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ၁၅ ရက်နေ့က မကွေးမြိုနယ် မြို့မ ရဲစခန်းကနေ ပိုင်နက်ကျူးလွန်မှုနဲ့ ဆင့်ခေါ်လာပါ တယ်။ ကျနော်တို့လက်ထဲကို ရောက်လာတဲ့စာအရဆိုရင် ပုဒ်မ ၄၄၇ အရ အေးစေတီဘုရားဝင်း ထဲမှာ ခွင့်ပြုမိန့်မရှိဘဲနဲ့ လုပ်တဲ့အတွက် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုတင်ပို့နိုင်ဖို့အတွက် လာပါလို့ ပြောတယ်” လို့ ပြောပါတယ်။ ရဲစခန်းကို စက်တင်ဘာ ၁၈ ရက် မနက် ၁၀ နာရီအရောက် လာရောက်ဖို့ ဆင့်ဆိုထားပါတယ်။

လူထုဟောပြောပွဲ ကျင်းပပြီး ရက်ပိုင်းကတည်းက အုပ်ချုပ်ရေးပိုင်းက ပွဲဦးစီးကျင်းပသူတချို့ကို အသံချဲ့စက်ဥပဒေပုဒ်မနဲ့ တရားလိုလုပ်ပြီးစွဲဆိုလို့ တရားရင်ဆိုင်နေရချိန်မှာ အခုနောက်ဆုံး ပိုင်နက်ကျူးလွန်မှုနဲ့ ထပ်မံစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဦးနေမျိုးကျော်က သူတို့ ပူးတွဲပွဲစီစဉ်သူတွေဟာ ဥပဒေဘောင်ထဲက ဆောင်ရွက်ခဲ့တာသာ ဖြစ်တယ်လို့ ပြောပါတယ်။

“အဓိက ကျနော်တို့က ငြိမ်းစုစီ ပုံစံ (၃) နဲ့ တင်တယ်။ အဲလိုပဲ သက်ဆိုင်ရာ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌက ဦးကြည်ဝင်းနဲ့ ဂေါပကတဖွဲ့လုံးထံကနေ ကန့်ကွက်ရန်မရှိ၊ ဘုရားဝင်းမှာ ကျင်းပနိုင်ဖို့အတွက် ခွင့်ပြုပေးထားတဲ့စာကိုလည်း လက်ဝယ်မှာ ရရှိပြီးဖြစ်တယ်။ ကွင်းထဲမှာ ကျင်းပဖို့အတွက်လည်း ကျနော်တို့က ကြိုတင်ပြီးမှ ဂေါပကအဖွဲ့နဲ့ ညှိနှိုင်းတယ်။ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကြည်ဝင်းရဲ့ ခွင့်ပြုတဲ့စာနဲ့အတူ အဲဒီ ကန်သာရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းထံကိုလည်း သွားပြီးတော့မှ အဲဒီခွင့်ပြုချက်နဲ့အတူ နောက်ထပ်ကန့်ကွက်ရန်ရှိ သလား ဆိုပြီေးတာ့မှ ရပ်ကွက်ကိုလည်း မေးပြီးဖြစ်တယ်။ ရပ်ကွက်ကလည်း ဂေါပကအဖွဲ့ ဦးကြည်ဝင်း ခွင့်ပြုတဲ့စာအပေါ်မှာ ကန့်ကွက်ရန်မရှိ ထောက်ခံပါသည်ဆိုတာရေးထားပါတယ်။ အဲဒီစာတွေကို ပူးတွဲလျက် မကွေးမြို့နယ်အုပ်ချုပ်ရေးဌာနကိုလည်း အကြောင်းကြားစာ တင်ပြမှုလုပ်တယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပေါ်မှာ ငြိမ်းစုစီနဲ့ ကျနော်တို့ အေးစေတီဘုရားဝင်းမှာ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ လုပ်ဖို့အတွက် စာတင်တဲ့အခါတုန်းကလည်း ပူးတွဲတင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ကတော့ လုံးဝ ဥပဒေနဲညီညွတ်တယ်။ ဒီမိုကရေစီဘောင်အတွင်းကနေ ယဉ်ယဉ်ကျေးကျေး စနစ်တကျ ကြိုးပမ်းခဲ့တာဖြစ်တဲ့အတွက် ဒီဥပဒေကို ချိုးဖောက်တာမရှိဘူး” လို့ ပြောပါတယ်။

မကွေးတိုင်းသာသနာရေး ဦးစီးမှူး ဦးသောင်းရွှေဟာလည်း လက်ရှိ အဲဒီဝင်းအတွင်းမှာ နေထိုင်ခြင်း မရှိတာကြောင့် ဥပဒေအရ လက်ရှိမနေထိုင်သူက တရားစွဲဆိုခွင့် မရှိဘူးဆိုတာကို လည်း ယခင်တကြိမ် အလားတူကိစ္စနဲ့ ခေါ်မေးခဲ့တုန်းက ဖြေကြားခဲ့ပြီးပြီလို့ သူက ဖြည့်စွက်ပြောဆိုပါတယ်။

မကွေးတိုင်းတွင်းမှာတော့ အုပ်ချုပ်ရေးပိုင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းကိုပဲ ဦးတည်ပြီး ဥပဒေပြင်ပကနည်းလမ်းတွေနဲ့ နှောင့်ယှက်တယ်။ ဥပဒေကို လက်တလုံးခြား အသုံးပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ဟန့်တားတဲ့ အလုပ်တွေကို လုပ်နေတဲ့သဘောပဲဖြစ်တယ်လို့ သူက ပြောပါတယ်။

အမှုဖွင့်ခံရသူတဦးဖြစ်တဲ့ မကွေးမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ နာယက ဦးလှဆန်းက ဒီပွဲလုပ်ဖို့အတွက် ဘုရားဂေါပက၊ ရပ်ကွက်၊ မြို့နယ် အဆင့်ဆင့်ထံ အကြောင်းကြားခွင့်ပြုချက်ရယူပြီး ဖိတ်ကြားပြီးကာမှ မြသလွန်ဘုရားကွင်းကို ပြောင်းလုပ်ခိုင်း တာ ဖြစ်တယ်လို့ ပြောပါတယ်။ အကုန်လုံးစီစဉ်ဖိတ်ကြားထားပြီးတဲ့ မြို့လည်က အေးစေတီကွင်း မှာပဲ လုပ်ခဲ့ကြတာလို့ ပြောပါတယ်။

“ဘယ်မြို့ ဘယ်မှာမှ ၄၃၆ နဲ့ ပတ်သက်ပြီး စွဲတာမရှိဘူး မကွေးတိုင်းဒေသကြီး မကွေးမှာပဲ ရှိတယ်။ မကွေးက ခုထက်ထိအောင် ဆိုးတုန်းဆိုတာ ဒါလေးပဲ ကျနော်ပြောချင်ပါတယ်” လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်အဖြစ် ဦးဖုန်းမော်ရွှေက ဆောင်ရွက်နေတာပါ။

လွန်ခဲ့တဲ့ရက်ပိုင်းက စေတုတရာနယ်ကို တိုင်းအတွင်းရေးမှူးတာဝန်နဲ့ စည်းရုံးရေးဆင်းရာမှာ ဖအိုင်း၊ အောင်းနဲ့ အောက်ပုံစတဲ့ရွာတွေကို စည်းရုံးရေးဆင်းရာ ကော်မရှင်နဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတာမှန်ပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက တားမြစ်ထားတဲ့အတွက် အသံချဲ့စက် သုံးစွဲခွင့်မပြုဘူးလို့ ဦးနေမျိုးကျော်က ပြောပါတယ်။

ဦးနေမျိုးကျော် က“မကွေးတိုင်းမှာက နိုင်ငံရေးပါတီများကို ကြီးကြပ်ရမယ့် ကော်မရှင်တွေက လုပ်ရမယ့်အလုပ်တွေကို အုပ်ချုပ်ရေးဌာနတွေက တိုက်ရိုက်စွက်ဖက်ပြီးတော့ ၀င်ရောက် ဆောင်ရွက်နေတာကို ကြည့်ခြင်းအားဖြင့် မကွေးတိုင်းဒေသကြီးအစိုးရဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ရိုးရိုးသားသားနဲ့ ပြည်သူလူထုထောက်ခံမှုအင်အား အကြီးဆုံးရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ်မှာ သဘောရိုးမရှိဘူးဆိုတာ အလွန်အင်မတန်ထင်ရှားပါတယ်” လို့ ပြောပါတယ်။

ဒီပြောဆိုချက်အပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တုံ့ပြန်ချက်ကို ရရှိနိုင်ဖို့ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှု ဦးနေ၀င်းကို မေးမြန်းဖို့ အကြိမ်ကြိမ် ဖုန်းဆက်ပေမယ့် မရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013