Homeဆွေးနွေးခန်း
ရာဘာဈေး ဒီ့ထက်ထပ်ကျရင်တော့ ခြံတွေ ယာယီပိတ်ရလိမ့်မယ် (ရာဘာအသင်းအတွင်းရေးမှူး ဦးခိုင်မြင့်)
ရာဘာဈေး ဒီ့ထက်ထပ်ကျရင်တော့ ခြံတွေ ယာယီပိတ်ရလိမ့်မယ် (ရာဘာအသင်းအတွင်းရေးမှူး ဦးခိုင်မြင့်)
ရွှေအောင်
·
September 17, 2014
လက်ရှိ မြန်မာ့ရာဘာဈေးဟာ ၁ တန်ကို အမေရိကန်ဒေါ်လာ ၁၂၀၀ အောက် ဈေးပဲ ရှိပြီး ဒီ့ထက်ပို ဈေးထပ်ကျရင်တော့ ရာဘာခြံတွေ ယာယီ ပိတ်တာမျိုး ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ရာဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်က ပြောပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကမ္ဘာ့ရာဘာဈေး စံချိန်တင် ကျဆင်းတဲ့ဒဏ် မခံနိုင်တော့လို့ တချို့ ရာဘာခြံရှင်တွေက ရာဘာပင်တွေကို ခုတ်ပစ်ပြီး တခြားအပင် ပြောင်းစိုက်ဖို့ ပြင်ဆင်လာတဲ့ သတင်းနဲ့ ပတ်သက်လို့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ သူက အဲဒီလို ခုတ်ပစ်တာမျိုးတော့ မြန်မာပြည်မှာ မလုပ်ကြသေးပါဘူးလို့ ပြောပါတယ်။
အခုလိုမျိုး ရာဘာဈေးတွေ တောက်လျှောက်ကျဆင်းနေချိန်မှာ အစိုးရအနေနဲ့ ခြံရှင်တွေနဲ့ ရာဘာထုတ်လုပ်သူတွေကို အကူအညီပေးသင့်တယ်လို့လည်း ရာဘာအသင်းအတွင်းရေးမှူးက ပြောပါတယ်။
လက်ရှိ ကမ္ဘာ့ရာဘာဈေးဟာ ၁ တန်ကို အမေရိကန်ဒေါ်လာ ၁၅၀၀ လောက် ပေါက်ဈေး ရှိနေပြီး အရည်အသွေးမမီတဲ့ မြန်မာ့ရာဘာဈေးကတော့ ၁ တန် ၁၂၀၀ အောက် ပေါက်ဈေး ရှိနေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်က စပြီး ရာဘာ ၁ တန် ပေါက်ဈေး အမေရိကန်ဒေါ်လာ ၃ ထောင်လောက်ကနေ တဖြည်းဖြည်း ဈေးကျလာခဲ့တာ ဖြစ်ပြီး နောက် ၁ နှစ်လောက်အထိလဲ ရာဘာဈေး ကျနေအုန်းမယ်လို့ ဦးခိုင်မြင့်က ခန့်မှန်းပြောကြားပါတယ်။
မြန်မာပြည်မှာ ရာဘာစိုက်ဧက ၁ သန်းခွဲကျော်ရှိပြီး ရာဘာစေးထုတ်လုပ်နိုင်တဲ့ ဧက ၅ သိန်း ခွဲလောက်ပဲ ရှိပါတယ်။
ရာဘာ ထုတ်လုပ်မှု များပြီး ၀ယ်လိုအား ကျဆင်းတာကြောင့် ကမ္ဘာ့ရာဘာဈေး ကျဆင်းနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။