မှုခင်းသတင်းထောက်တဦး အရိုက်ခံရ
ညီငယ်
·
September 16, 2014

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်းမှာ စက်တင်ဘာ ၁၃ ရက်နေ့ည ၉ နာရီကျော်လောက်က မှုခင်းရေးသားတဲ့ သတင်းထောက်တဦး ရိုက်နှက်ခံခဲ့ရပါတယ်။
အရိုက်ခံရသူ ဟာ မြန်မာနယူးစ်ဝိခ် ဂျာနယ်မှာ မှုခင်းသတင်းရေးသားနေ တဲ့ ဦးဘိုမြင့်ဆိုသူဖြစ်ပြီး၊ အဲဒီ့နေ့ညက သူ့ကို အင်ဖော်မာလား လို့ မေးတဲ့သူ က မေးပြီးပြီးချင်း ထွက်ခွာသွားတယ်လို့ ဦးဘိုမြင့်က ပြောပါတယ်။ အဲဒီနောက် ဗိုလ်အောင်ကျော်လမ်းနဲ့ အနော်ရထာလမ်းထောင့်နားမှာ အရိုက်ခံရတာလို့ ဆိုပါတယ်။
အဲဒီ့လို ရိုက်တဲ့အခါမှာ မျက်နှာကို လက်သီးနဲ့ ထိုးပြီး၊ လဲကျသွားတဲ့အချိန် ခြေထောက်နဲ့ကန်လိုက်ကြောင်း၊ အဲဒီနောက်မှာတော့ ဦးဘိုမြင့်ဟာ ဗိုလ်အောင်ကျာ်လမ်းက သူ့အသိမိတ်ဆွေ Y2T ဘီယာဆိုင်ထဲ ၀င်ပြေးပြီးနောက် သတိလစ်မေ့မျောသွားတယ်လို့ ပြောပါတယ်။
အဲဒီ့ဖြစ်စဉ်ကို ကျောက်တံတားမြို့မရဲစခန်းမှာ ပုဒ်မ ၃၂၅ နဲ့ အမှုဖွင့်ထားပြီး ရိုက်နှက်သွားသူကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်တယ်လို့ ရဲစခန်းက ပြောပါတယ်။
ဒါ့အပြင် တိုင်းပြည် ပြုပြင်ပြောင်းလဲရေးမှာ ကဏ္ဍတခုကနေပါဝင်တဲ့ သတင်းသမားတွေ ထိခိုက်နစ်နာတာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ အစိုးရအနေနဲ့လည်း သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်စေချင်တယ်လို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂက ဒေါ်စုစုနွေးက ပြောပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်
