အီရန် နျူကလီးယားအရေး အိုင်အေအီးအေ ဆွေးနွေး

နိုင်ငံပေါင်း ၃၅ နိုင်ငံ ပါဝင်တဲ့ နိုင်ငံတကာ နျူးကလီးယား စွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) ရဲ့ ဘုတ်အဖွဲ့ဟာ ဌာနချုပ် သြစတြီးယားနိုင်ငံ ဗီယန်နာမြို့မှာ တွေ့ဆုံပြီး အီရန် နျူးကလီးယားကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတကာက အီရန်အပေါ် စိုးရိမ်နေတာ အရေးယူဆောင်ရွက်နေပါတယ်လို့ အီရန်က အရင် ၁ ပတ်က  ပြောဆိုအပြီး အိုင်အေအီးအေဘုတ်အဖွဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။ အရင်က သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းဆိုရင် အီရန်ဟာ နိုင်ငံတကာက သံသယရှိနေတဲ့ နျူးကလီးယားဗုံး သုတေသနကိစ္စကို သြဂုတ်လကုန် နောက်ဆုံးထားပြီး သတင်းအချက်အလက်တွေကို ပေးပို့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး သတ်မှတ်ရက်လွန်သွားတဲ့အထိ အီရန်ဘက်က ပျက်ကွက်ခဲ့ ပါတယ်။ ဒီတပတ် အစောပိုင်းမှာ အိုင်အေအီးအေက အစီရင်ခံစာ ထုတ်ပြန်ခံပြီး အီရန်ဘက်က အိုင်အေအီးအေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အဆင့် ၅ ဆင့်ထဲက ၃ ဆင့်ကိုပဲ ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မနှစ်က အီရန်မှာ သမ္မတဟက်ဆန် ရူဟာနီ အာဏာရလာတဲ့အချိန်ကစလို့ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ပါမယ်လို့ ကတိပြုခဲ့ပါတယ်။ နျူးကလီးယားအစီအစဉ်ကလည်း ငြိမ်းချမ်းတဲ့ အစီအစဉ်ဖြစ်တယ်လို့ အီရန်ဘက်က ပြောထားပေမယ့် အနောက်နိုင်ငံတွေကတော့ အီရန်က နျူးကလီးယားလက်နက်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ယုံကြည်နေတာပါ။ အိုင်အေအီးအေက စုံစမ်းစစ်ဆေးနေတဲ့ လုပ်ငန်းစဉ်မှာ တိုးတက်မှု မရှိတာကလည်း အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ကြားမှာ အီရန်အပေါ် နှစ်ပေါင်းများစွာ ဒဏ်ခတ် ပိတ်ဆို့ထားတာကို အဆုံးသတ်နိုင်ရေး ညှိနှိုင်းမှုမှာ ရှုပ်ထွေးမှုတွေ ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up