DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးမူဘောင်ပေါ်ထွန်းရေး ပါတီကြီး ၂ ခု မတက်ရောက်
DVB
·
September 15, 2014
နိုင်ငံရေးမူဘောင်ပေါ်ထွန်းရေး ပါတီကြီး ၂ ခု မတက်ရောက်
Donate to DVB

နိုင်ငံရေးမူဘောင်တရပ်ပေါ်ပေါက်ရေး တရားဝင်နိုင်ငံရေးပါတီတွေ စုစည်းဆွေးနွေးပွဲကို အဓိက နိုင်ငံရေးပါတီကြီး ၂ ခုဖြစ်တဲ့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပါဝင်တက်ရောက်ခြင်းမရှိကြပါဘူး။

[caption id="attachment_64880" align="alignleft" width="300"]NBF meet 13092014(3 ဆွေးနွေးပွဲပြုလုပ်စဉ်[/caption]

မှတ်ပုံတင်ထား တဲ့ နိုင်ငံရေးပါတီ ၆၇ ပါတီအနက် ၅၂ ပါတီ က ခေါင်းဆောင်တွေ ဟာ နိုင်ငံရေးမူဘောင် တရပ် ထွက်ပေါ်လာရေး အတွက် ရန်ကုန်မြို့ green hill ဟိုတယ်မှာ စက်တင်ဘာ ၁၃ ရက်နေ့နဲ့ စက်တင်ဘာ ၁၄ ရက်နေ့တွေ က တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ နိုင်ငံရေးမူဘောင်ရေးဆွဲရေး ၁၅ ဦးကော်မတီတရပ်ကိုလည်း ဖွဲ့စည်းဖို့ သဘောတူခဲ့ကြပါတယ်။

ဒီပွဲကို ဦးစီးဦးဆောင်ပြုရာမှာပါတဲ့ ညီနောင်တိုင်းရင်သားပါတီများ ဖက်ဒရေးရှင်း ပြောခွင့်ရသူ ပူးဇိုဇမ်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ယူအက်စ်ဒီပီ) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) တို့ မတက်ရောက်တာနဲ့ပတ်သက်လို့ ခုလို ပြောပါတယ်။

“ကျနော့်အထင်ကတော့ လက်ရှိအာဏာရပါတီက သူတို့က နိုင်ငံရေးမူဘောင်အတွက် သူတို့ သပ်သပ်ရှိပြီးသားလေ။ အစိုးရလေ။ ဒါကတော့ ကျနော်တို့နဲ့ ပူးပေါင်းဖို့ဆိုတဲ့ဟာမျိုးကတော့ ရှိမယ်မထင်ဘူးပေါ့။ ဒါပေမယ့် အန်အယ်လ်ဒီတို့၊ ယူအန်အေ တို့ကျတော့ မူဘောင်တခုအနေနဲ့ ရေးဆွဲဖို့ ကျနော်တို့က ရည်မှန်းထားတာပေါ့။ မူဘောင်တခုကို ရေးဆွဲဖို့လေ။ လောလောဆယ်မှာ သူတို့ကလည်း သူတို့မူဘောင်သူတို့ ရေးဆွဲနေတယ်ဆိုတဲ့ကာလမှာ ကျနော်တို့ ကြိုဆိုပါတယ်။ ထပ်မံပြီးတော့ မူဘောင်တွေ အများကြီး ညှိနှိုင်းရဦးမှာပါ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီဆွေးနွေးပွဲအတွက် ဖိတ်ကြားစာ လက်ခံရရှိခြင်းမရှိသလို ဦးဆောင်ကျင်းပသူ ရှင်းရှင်းလင်းလင်းမရှိတာကြောင့် မတက်ရောက်တော့ဖို့ ဆုံးဖြတ်တာလို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

“တစ်အချက်က ကျနော်တို့ ဒီ ဖိတ်စာမရဘူးဗျ။ နောက်ပြီး green hill မှာ ကျင်းပမယ်လို့ သိပါတယ်။ ဘယ်ကနေသိလဲဆိုတော့ ဂျာနယ်တွေကနေ ဖတ်ရပါတယ်။ ကြည့်လိုက်တဲ့အခါကျတော့ တာဝန်ခံကျင်းပတာက အန်ဒီအက်ဖ်က ဦးဆောင်ကျင်းပတာလား။ ဒါမှမဟုတ်ရင် အန်ဘီအက်ဖ်က ကျင်းပတာလား။ ဘယ်သူက တာဝန်ခံပြီးကျင်းပတာလဲ။ ရေးထားတာက ဒီ Framework မှာ ဘုံသဘောတူညီချက်တွေ ချမှတ်ဖို့လို့ ရေးထားတာရှိပါတယ်။ ကျနော့်တို့မှာကလည်း ဖိတ်စာမရတာရယ်၊ နောက်တချက်က ရှင်းရှင်းလင်းလင်းမရှိဘူးပေါ့နော်။ ရှင်းရှင်းလင်းလင်း မရှိဘူးဆိုတဲ့အတွက်ကြောင့် ကျနော်တို့က မတက်တော့ဘူးလို့ ဆုံးဖြတ်ပြီး မတက်လိုက်တာပေါ့။”

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး သိတာ လပိုင်းပဲရှိသေးတယ်လို့လည်း ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

“ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့လောက်ကျတော့မှ ကျနော်တို့က Peace Process မှာ ဘာတွေလုပ်နေပါတယ်၊ လက်မှတ်ထိုးတော့မှာပါ၊ မူဘောင်က ဘယ်လိုရှိပါတယ်ပေါ့နော်၊ စပြီးကြားရပြီးတော့ ကျနော်တို့ကို ဖိတ်တဲ့အခါကျတော့ အမ်ပီစီ (မြန်မာ့ငြိမ်းချမ်းရေးစင်တာ) က ဖိတ်ပါတယ်။ ဖိတ်တာက ဧည့်သည်ဖိတ်ပဲဖိတ်တာပါ။ ဧည့်သည်ဖိတ်ပဲဖိတ်တော့ ကျနော်တို့က ဧည်သည်တက်ပဲ တက်ရတာပေါ့၊ ဧည့်သည်ဖိတ်မှာ ဘာပြောလဲဆိုရင် တပြည်လုံးအပစ်ရပ်သဘောတူညီချက်ပြီးလို့ရှိရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလာမှာပါ။ အဲဒီအတွက် နိုင်ငံရေးမူဘောင်ဆိုပြီးပြောတာရှိတယ်။ ကျနော်တို့ကလည်း သူတို့ ပြောတဲ့အတိုင်းကြားတာ။ နိုင်ငံရေးပါတီတွေက ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲ။ ပူးပေါင်းဆောင်ရွက်မှုလုပ်တဲ့အခါမှာ ကျနော်တို့က ဘယ်လောက် ပွင့်လင်းမြင်သာစွာလုပ်နိုင်မလဲ”

“နောက်တခါ ကျနော်တို့က နိုင်ငံရေးမူဘောင်ကို လွတ်လွတ်လပ်လပ်တင်ပြရုံနဲ့မဟုတ်ပါဘူး။ တင်ပြလိုက်တာတွေကို ကောက်ယူပြီးတော့ ဆွေးနွေးတဲ့အခါမှာ ဘယ်လောက် မျှမျှတတ ဖြစ်မလဲ၊ ဘယ်လိုသွားမှာလဲ ဒါတွေက မေးခွန်းတွေက အများကြီးပဲလေ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ ဖိတ်စာတော့ ရောက်တယ်လို့ သူသိရှိထားကြောင်း ပူးဇိုဇမ်က ပြောပါတယ်။

“အန်ဒီအက်ဖ် ကတော့ ဖိတ်စာတွေ အမှန်အကန်ကို သူတို့ ပေးတယ်လို့ ပြောပါတယ်။ ရောက်မရောက်ကတော့ ကျနော်က အဲဒီအတွက်လည်း စစ်ဆေးတဲ့တာဝန်တော့မရှိဘူးလေ။ ကျနော်တို့ကတော့ အားလုံးဖိတ်ဖို့ ညွှန်ကြားထာပါတယ်။ အဓိက ကမကထပြုတာက အန်ဒီအက်ဖ်ပေါ့ဗျာ။ ငွေကြေးအကုန်အကျတွေ ကျနော်တို့က လုပ်ပေးရတဲ့ အခြေအနေတော့ရှိတာပေါ့။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကနိုင်ငံရေးမဟာမိတ်တွေဖြစ်ကြတဲ့ ယူအန်အေ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့) တို့လည်း တက်ရောက်ခြင်းမရှိခဲ့တဲ့အပေါ်  ရခိုင်အမျိုးသားပါတီရဲ့ ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်က အုပ်စု ကွဲပြားတာကြောင့်  ဖြစ်နိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“ကျနော့်အမြင်ပြောတာနော်။ စစ်အေးတိုက်ပွဲတုန်းက bloc (အုပ်စု) လေးတွေရှိတယ်လေ။ east , west bloc ပေါ့။ ဒါလေးတွေရှိတာပေါ့။ ခုလည်း ကျနော်ထင်တယ် bloc လေးတွေ ရှိတာပေါ့။ တနည်းအားဖြင့်ဗျာ (၂၀၁၀) ရွေးကောက်ပွဲကိုဝင်တဲ့ bloc လေးတွေရှိပါတယ်။ အဲလိုပဲ ၁၉၉၀ ရွေးကောက်ပွဲကို ၀င်ခဲ့တဲ့ bloc ရှိတာပေါ့နော်။ တနည်းအားဖြင့် ၂၀၁၀ ဆိုရင် အကြမ်းအားဖြင့် ယူအက်စ်ဒီပီ နဲ့ နွှယ်တယ်လို့ အများစုက သတ်မှတ်ကြတယ်။ ၁၉၉၀ ဆိုရင် အန်အယ်လ်ဒီ နဲ့ နွှယ်တယ်လို့ သတ်မှတ်တာပေါ့။   ပွင့်ပွင့်လင်းလင်းပြောရင် dialogue မူဘောင်လေးရအောင် ဆိုတဲ့သဘောနဲ့ ဆွေးနွေးပွဲလုပ်ပါတယ်။ လုပ်တဲ့အခါမှာ အန်အယ်လ်ဒီ နဲ့ နှီးနွှယ်တယ်လို့ သတ်မှတ်တဲ့ ဦးခွန်ထွန်းဦးတို့ အပါအ၀င်ပေါ့ဗျာ။ ၁၉၉၀ က ပုဂ္ဂိုလ်တွေ၊ စုစုပေါင်း ၁၀ ပါတီလောက်ထင်တယ် အန်အယ်လ်ဒီအပါအ၀င် မတက်ဖြစ်ဘူး။ ယူအက်စ်ဒီပီ မတက်ဖြစ်ဘူး။ ဒါကတော့ ကျနော်တို့ မြင်ကွင်းပါ။”

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီး ရက်ပေါင်းအတွင်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် နိုင်ငံရေးမူဘောင်တရပ်ကို ချမှတ်ရေးဆိုဖို့ ဖြစ်ပြီး အပစ်ရပ်ပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးဖို့ သဘောတူညီချက်ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013