
မြန်မာနိုင်ငံမှာ သုံးစွဲသူ ၅သန်းကျော် ရှိလာပြီဆိုတဲ့ မိုဘိုင်း အပလီကေးရှင်း Viber က ဗွီဒီယိုနဲ့ပါ ခေါ်ဆိုနိုင်တဲ့ ဗားရှင်း ၅.၀ ကို ထုတ်လုပ်လိုက်ကြောင်း စက်တင်ဘာ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ အခမဲ့ စာပို့တာ၊ အင်တာနက်ဖုန်းခေါ်ဆိုမှုတွေကို ၀န်ဆောင်မှုပေးနေတဲ့ Viber ဗားရှင်းအသစ်မှာ ဗွီဒီယိုခေါ်ဆိုနိုင်မှုစွမ်းရည်၊ မိတ်ဆွေတွေရဲ့ Viber နံပါတ် ရှာဖွေသိုလှောင်မှုတွေကို ပြင်ဆင်မွန်းမံထားပြီး Android နဲ့ iOS ဖုန်းတွေအတွက်သာမက Windows 8 နဲ့ OS X ပလက်ဖောင်း desktop ကွန်ပျုတာတွေမှာပါ သွင်းယူ သုံးစွဲနိုင်ပါတယ်။
“ဗွီဒီယိုခေါ်ဆိုမှု video calling ကို မိုဘိုင်းဖုန်းတွေမှာ အသုံးပြုလို့ရအောင် ဖန်တီးနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ကျေနပ်ခဲ့ရပါတယ်။ အခုဆိုရင် Viber ကို သုံးပြီး ဗွီဒီယိုခေါ်ဆိုမှုကို သင့်ရဲ့ဖုန်းမှာသာမက PC နဲ့ Mac ပေါ်မှာပါ တစ်ပြိုင်တည်း သုံးနိုင်ပြီ ဖြစ်တာကြောင့် သင့်အတွက် အဆင်ပြေဆုံး ဖြစ်မှာပါ” လို့ Viber ရဲ့ CEO Talmon Marco က ပြောကြားပါတယ်။
မြန်မာပြည်နဲ့ နိုင်ငံခြားကို Viber ဗားရှင်းအသစ်ကတဆင့် ဗွီဒီယို ခေါ်ဆိုမှုမှာ တခြား ဗွီဒီယိုခေါ်ဆိုမှု အပလီကေးရှင်း Tango တို့လောက် ဗွီဒီယို အရည်အသွေးမမြင့်ပေမယ့် ပြည်တွင်းမှာ Viber က ပိုရေပန်းစားတာကြောင့် ဗားရှင်းအသစ်ကို ထည့်သွင်းယူတာတွေ၊ စမ်းသပ်သုံးစွဲတာတွေတော့ အခုရက်ပိုင်း ပိုများလာတယ်လို့ ရန်ကုန်မြို့ရှိ ဗိုက်ပါသုံးစွဲသူတချို့က ဆိုပါတယ်။
နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ register လုပ်ထားသူပေါင်း သန်း ၆၈၀ ရှိပြီး ပုံမှန်အသုံးပြုသူ သန်း ၄၀၀ ကျော်ရှိတဲ့ Viber ဟာRakuten ကုမ္ပဏီအုပ်စုရဲ့ လုပ်ငန်းခွဲတခု ဖြစ်ပါတယ်။











