အော်ရီဒူး အင်တာနက် အသုံးပြုခ လျှော့ချ
DVB
·
September 1, 2014
ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်နေတဲ့ ကာတာပိုင် အော်ရီဒူးကုမ္ပဏီဟာ သုံးစွဲသူတွေက ဝေဖန်လာတဲ့အတွက် သူ့ရဲ့ အင်တာနက် အသုံးပြုခနှုန်းထားကို နဂို ၁ မဂ္ဂါဘိုက် ၂၅ ကျပ် နှုန်းကနေ ၁၀ ကျပ်နှုန်း လျှော့ချလိုက်ပြီလို့ ကုမ္ပဏီအမှုဆောင် အရာရှိချုပ် Mr. Ross Cormack က ပြောပါတယ်။
သြဂုတ် ၃၀ ရက်နေ့က ရန်ကုန် ဆူးလေရှန်ဂရီလာ ဟိုတယ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာပါ။
အော်ရီဒူး အနေနဲ့ ပုံမှန် အင်တာနက သုံးခ လျှော့ချခဲ့ပေမယ့် အရင် သတ်မှတ်ထားတဲ့ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် အင်တာနက် Data Plan တွေကိုတော့ ပြင်ဆင်သတ်မှတ်ပေးတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ Data Plan အရ ၁ လအတွင်း အသုံးပြုတဲ့ ၁ ဂီဂါဘိုက် ပမာဏ ကို ကျပ် ၁၂,၀၀၀ ကောက်ခံနေပါတယ်။
အော်ရီဒူးဟာ လက်ရှိ လူဦးရေ ၉ သန်းကျော်ကို လွှမ်းခြုံဝန်ဆောင်မှု ပေးနိုင်ပြီး ဆင်းကတ် ၁ သန်းကျော် ရောင်းချထားပြီး ဖြစ်တဲ့အကြောင်း၊ လာမယ့် စက်တင်ဘာ ၁၅ ရက်ဆိုရင် လူဦးရေ ၁၂ သန်းကျော်ကို လွှမ်းခြုံ ၀န်ဆောင်မှု ပေးနိုင်တော့မယ်လို့ Mr. Ross Cormack က အဲဒီပွဲမှာ ပြောပါတယ်။