Live
Home
အာရှဒေသ
လိင်ပြောင်းထားသူများအတွက် ကမ္ဘာ့ပထမဆုံးလူအိုရုံ
DVB
·
August 30, 2014
အင်ဒိုနီးရှားနိုင်ငံမှာ များသောအားဖြင့် သက်ကြီးရွယ်အိုတွေကို သူတို့မိသားစုတွေကပဲ စောင့်ရှောက်ကြပါတယ်။ ဒါပေမယ့် လိင်စိတ်သွေဖည်နေသူ ၃ သန်းကျော်ရှိတဲ့ နိုင်ငံတွေ မှာတော့ ဒီလိုမဟုတ်ပါဘူး။ သူတို့ကြောင့် အရှက်ရနေတဲ့မိသားစုတွေရဲ့ ပစ်ထားခံရလို့ပါပဲ။ ပြည့်တန်ဆာလုပ်ပြီး အသက်မွေးခဲ့တဲ့ လိင်ပြောင်းထားသူ သက်ကြီးရွယ်အိုအများစုဟာ လမ်းပေါ်ထွက်တောင်းရတဲ့ဘ၀ကို ရောက်သွားတတ်ကြပါတယ်။ ဒါပေမယ့် အခုခါမှာတော့ လိင်စိတ်ပြောင်းသွားသူတွေအတွက် ကမ္ဘာ့ပထမဆုံးလူအိုရုံကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့စွန်တွေမှာ တည်ဆောက်နေပါပြီ။ Indonesia_Old_Transgender_web_140823_672ရေဘက်ကာဟန့်ခ်ျကယ်ဟာ ယူလီအန်းနက်စ်ရက်တိုဘလော့စီမံကိန်းရဲ့ နောက်ကွယ်က ထူးခြားတဲ့အမျိုးသမီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ၀ါရိယ(အခြောက်) ဂေဟာ တံခါးဝမှာတော့ သွားတွေကြွေကုန်ပြီဖြစ်တဲ့ လိင်ပြောင်းထားသူသက်ကြီးပိုင်း ၂ ဦးက မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ဆက်နေပါတယ်။ အထဲမှာတော့ ယူလီအန်းနက်စ်ရက်တိုဘလော့က မှန်ကြည့်နေပါတယ်။ သူ့မိတ်ဆွေကတော့ နိစ္စဓူဝကိစ္စဖြစ်တဲ့ အောက်ခံမိတ်ကပ်အဖြူကို ပိန်းနေအောင်လိမ်း၊ မျက်တောင်တုတွေတပ်၊ ရဲတောက်နေတဲ့နှုတ်ခမ်းနီကိုဆိုးပြီး ဆံပင်တုကို နောက်ကပ်ဆံထုံးထုံးနေပါတယ်။ ယူလီအန်း နက်စ်ရက်တိုဘလော့က ''ကျမ ခြောက်တန်းရောက်တဲ့အချိန်မှာ ဆန့်ကျင်ဘက်လိင်စိတ်လွှမ်းမိုးနေပြီဆိုတာ သိလိုက်ရတယ်။ ကျမတို့က ပါပူအာကျွန်းရဲ့ လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတရွာမှာ နေပါတယ်။ အဲဒီမှာ မိန်းမချင်း ဒါမှမဟုတ် ယောက်ျားချင်း လိင်တူဆက်ဆံတဲ့သူရယ်လို့မရှိဘူး။ ဒါပေမယ့် ၁၁ နှစ်အရွယ်မှာ ချက်ချင်းဆိုသလို ယောက်ျားတွေအပေါ် စွဲလမ်းတဲ့စိတ် စဖြစ်လာတယ်။ ဘာဖြစ်တာလဲလို့ ကျမစဉ်းစားတယ်။ ရောဂါတခု များလားပေါ့နော်။ ၁၈ နှစ်အရွယ်မှာ တက္ကသိုလ်က ပင်ကိုလိင်စိတ်ပျောက်နေတဲ့ သူငယ်ချင်းတယောက်က ၀ါရိယပြည့်တန်ဆာအိမ်ကို ခေါ်သွားတယ်။ အဲ့ဒီရောက်တော့မှ သီးခြားကမ္ဘာတခုရှိနေ ပါလားလို့ သိလိုက်ရတယ်။ လှတပတ၀တ်ထားတဲ့ ကျမလိုဝါရိယတွေ အများကြီးတွေ့လိုက်ရတော့ ဇဝေဇ၀ါတောင် ဖြစ်သွားတယ်'' လို့ ဆိုပါတယ်။ ကိုယ်တယောက်တည်း မဟုတ်ပါလားဆိုတာ သိရတော့ ဘယ်လိုခံစားမိပါသလဲ။ ''ရင်ထဲက အလုံးကြီးကျသွားသလို ခံစားလိုက်ရတယ်။ ဘာလို့လဲဆိုတော့ ကျမတို့က အ၀တ်အစားလှလှ လေးတွေဝတ် မိတ်ကပ်လိမ်းလိုက်ရင် တစ်ဖက်လူအပေါ်စွဲဆောင်မှုရှိပြီး အဲဒီအတွက် ပိုက်ဆံရတယ်။ ဒီတော့ စိတ်ကျေနပ်မှုရချင်ရင် လှအောင်လုပ်။ ဒါဆိုရင် ပိုက်ဆံရပြီ။'' ယောက်ျားခန္ဓာကိုယ်နဲ့ မိန်းမလိုနေထိုင်သူတွေအဖို့ အင်ဒိုနီးရှားမှာ အလုပ်ရဖို့ခက်ပါတယ်။ အသက် ၁၇ နှစ် အရွယ် ယူလီအဖို့ တခြားဝါရိယတွေလို လမ်းပေါ်မှာ လုပ်စားရင်းနဲ့ အဆုံးသတ်ရမှာပါ။ အဲဒီဘ၀ကတော့ အတော့်ကို ခက်ခဲကြမ်းတမ်းခဲ့တယ်လို့ သူမကဆိုပါတယ်။ ဖောက်သည်တွေက ငွေမပေးဘဲ လိင်အလွဲသုံးစား လုပ်တာကို အမြဲလိုလိုခံစားရပြီး ရဲတွေ ဒါမှမဟုတ် ရိုက်လားနှက်လားလုပ်တတ်တဲ့အစ္စလာမစ် အဖွဲ့တွေနဲ့ မတွေ့အောင် ရှောင်ပြေးခဲ့ရတယ်လို့ သူမကပြောပါတယ်။ အဲဒီအချိန်တွေအတွင်းမှာပဲ မိဘနှစ်ပါး ဆုံးပြီ ဖြစ်ကြောင်း သူမ ကြားခဲ့ရပါတယ်။ ''မိန်းမအ၀တ်အစားတွေကို ကျမ၀တ်နေပြီဆိုတဲ့သတင်းကို မိဘတွေကြားသွားတယ်။ အရမ်းစိတ်ထိခိုက်ပြီး ဒီစိတ်နဲ့ပဲ သေသွားတယ်ထင်ပါတယ်။ မိသားစုက ကျမကို အရမ်းမုန်း နေကြတာဆိုတော့ အသုဘပို့ဖို့တောင် အိမ်မပြန်ဖြစ်တော့ပါဘူး။ ကျမလုပ်ရပ်ကြောင့် မိဘတွေ ဆုံးပါးရတာလို့ သူတို့ကပြောကြတယ်။ ကျမအစ်ကိုက ရဲဝန်ထမ်း။ သူက အရမ်းဒေါသကြီးတာ။ မိသားစုကို အရှက်ရအောင်လုပ်လို့ ကျမကို ပစ်သတ်ချင်နေတာ။ ငါတို့ မိသားစုထဲမှာ မင်းလိုလူမျိုး မရှိဘူး။ ဘယ်လိုဖြစ်သွားရတာလဲကွာလို့ ပြောကြတယ်လေ။ ကျောင်းနေစဉ်ကာလ တလျှောက် အဆင့်တွေ တအားကောင်းခဲ့တာဆိုတော့ မိသားစုက ကျမအပေါ် အများကြီး မျှော်လင့်ထားတာ ကြောင့်ပါ။'' ရှင့်အစ်ကိုက ရှင့်ကိုတွေ့ရင် တကယ်ပစ်သတ်မှာပေါ့။ ''အင်းပေါ့။ သူက ကျမခေါင်းကို သေနတ်နဲ့ထောက်ထားတာ။ ပစ်သတ်ချင်နေတာလေ။ ကျမကို ခေါင်းတုံးတုံး တယ်။ ဒါပေမယ့် ကျမကလည်း ဂျကာတာကို ပြန်ပြေးလာတာပေါ့။ အဲ့တုန်းက ကိုယ့်ကိုယ်ကိုလည်း မုန်းမိပါတယ်။ ဆုံးဖြတ်လိုက်တယ်။ ကျန်တဲ့ ဘ၀တလျှောက်မှာ အထူးသဖြင့် ကျမမိသားစုတွေကို ကျမက မိန်းမစိတ် ပေါက်သွားပေမယ့် ကောင်းတာတွေကို လုပ်နိုင်တယ်ဆိုတာပြလိုက်မယ်။ ကျမအတွက် သူတို့ ဂုဏ်ယူစေရမယ် ပေါ့နော်။'' သူက နာမည်ကြီးအစ္စလာမ်မစ်တက္ကသိုလ်က ဥပဒေဘွဲ့ရတဲ့ ပထမဆုံး ၀ါရိယဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ခုဆိုရင် ဥပဒေဘွဲ့လွန်တန်းတက်နေပါတယ်။ အခုတော့သူမဟာ အင်ဒိုနီးရှား နိုင်ငံရဲ့ အင်အားကြီး လိင်စိတ် သွေဖည်သူများအဖွဲ့ရဲ့ နာမည်ကျော်ခေါင်းဆောင် တဦးဖြစ်နေပါပြီ။ အားလုံးက သူ့ကို ချစ်စနိုးနဲ့ မာမီယူလီ လို့ခေါ်ကြပါတယ်။ ဒီအဖွဲ့ရဲ့ မိခင်တယောက်အနေနဲ့ မိသားစုတွေနဲ့ လူမှုအသိုင်းအ၀ိုင်းက ပစ်ပယ်ထားတဲ့ ၀ါရိယတွေကို အားပေး ထောက်ပံ့နိုင်တဲ့ အလုပ်တခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ''လူတွေက အသက်ကြီးလာတဲ့ ၀ါရိယတွေကို လန့်လာကြတယ်။ ဒီတော့ ကျမတို့က ငယ်ငယ်ရွယ်ရွယ်ဝါရိယ တွေလို ရောင်းပန်းမလှတော့ဘူး။ အစိုးရအနေနဲ့လည်း သူတို့ကို အမျိုးသား လူအိုရုံပို့ရမှာလား အမျိုးသမီးလူအိုရုံ ပို့ရမှာလားဆိုတာ စဉ်းစားရကျပ်မှာပဲ။ မိသားစုတွေကတော့ သူတို့ကို မစောင့်ရှောက်ချင်တာသေချာတယ်။ ဒါကြောင့် ၀ါရိယတော်တော်များများမှာ တောင်းရမ်း စားသောက်ရတာ တံတားတွေအောက်မှာနေထိုင်ရတာတွေ မြင်နေရတယ်။ သူတို့ကိုအဲလိုမြင်ရတာ ကျမတကယ့်ကို စိတ်မကောင်းဘူး။ ဒီအဖြစ်ကို ဘယ်သူမှစိတ် မ၀င်စားဘူး ကျမအိမ်ကလည်း အားလုံးကိုခေါ်တင်ရလောက်အောင် မကျယ်ဘူးလေ'' လို့ ဆိုပါတယ်။ ဒါကြောင့် အခုဆိုရင် သူမရဲ့ အိပ်ခန်း ၂ ခန်းပါအိမ်မှာ အလှပြင်ဆိုင်ပါတွဲဖွင့်ဖို့ မွမ်းမံပြင်ဆင်နေပါတယ်။ ယူလီက ကျမကို ပြန်ပြင်ဆောက်နေတဲ့ အိမ်နောက်ဘက်ကို ခေါ်လာပါတယ်။ နောက်တလွှာထပ်တက်ပြီး ရေချိုးခန်းကိုချဲ့နေတာပါ။ ပြောင်းလာချင်တဲ့ ၀ါရိယ(800)ရဲ့စာရင်းကို သူမ ကောက်ထားပြီးပါပြီ။ ခုလောလောဆယ် သက်ကြီးပိုင်းဝါရိယ ကို သူ့အိမ်မှာ ခေါ်ထားပါတယ်။ သူတို့ငယ်နုစဉ်က မော်ဒယ်အလှပုံ တွေကို နံရံအပြည့်ကပ်ထားသလို ဘီဒိုတွေဆိုရင်လဲ ဆုဖလားတွေ အလှပုံတွေနဲ့အပြည့်ပါပဲ။ ယိုတီမေယာဟာ အသက် ၇၀ နီးပါး ရှိနေပြီမို့ သွားတွေကျိုးကုန်ပါပြီ။ သူဆယ်ကျော်သက်အရွယ်မှာပဲ မိသားစုက သူ့ကို စွန့်ပစ် ခဲ့တာပါ။ ယိုတီက ''အခန်းတံခါးကို အမေဖွင့်လိုက်ချိန်မှာ အိပ်ရာထဲမှာ ယောက်ျားတယောက်နဲ့ ပွေ့ဖက်နေတဲ့ ကျမကို မြင်သွားတယ်။ အဖေ့ကို ပြောပြပြီးတဲ့နောက် မိသားစုဝင် အကုန်လုံးကိုခေါ်ပြီး … ဒါမျိုးတွေ ငါမမြင်ချင်ဘူး ဒီတော့ မင်း ဒီအိမ်က ဆင်းပေတော့ .. မင်းဘာသာမင်း သေသေရှင်ရှင် ငါဂရုမစိုက်ဘူး။ ဒီအိမ်ကနေ ထွက်တော့ လို့ အမေက ပြောတော့တာပဲ။ အဲ့တုန်းက ဆယ်ကျော်သက်အရွယ်ပေါ့။ အိမ်ကနှင်ထုတ် ခံရတော့ ညကြီးမှာ ခါးဝတ်ခါးစားကလွဲရင် ဘာမှမပါဘူး။ ငိုရတာပေါ့။ လူကငယ် အလုပ်ကမရှိ။ ဒါပေမယ့် ကံစီမံရာအတိုင်း လက်ခံခဲ့ပါတယ်။''လို့ ပြောပြပါတယ်။ ယိုတီဟာ နောက်ဆုံးတော့ သင်္ဘောတွေပေါ်မှာ စာဖိုးမှူးအလုပ်ရပြီး အာရှတစ်ခွင်ကို ခရီးထွက်ခဲ့ပါတယ်။ သူမကအခုဆိုရင် လူအိုရုံမှာ ထမင်းချက်တာဝန်ယူထားပါတယ်။ ဒီမှာ သက်ကြီးပိုင်းဝါရိယတွေကို သင်တန်း ပေးပါတယ်။ ဒါမှ သက်မွေးပညာတွေရပြီး ကိုယ်ပိုင်ရပ်တည်နိုင်မှာပါ။ မကြာသေးခင်က ပစ်သတ်မယ် ခြိမ်းခြောက်တဲ့ ယူလီအစ်ကို လူအိုရုံကို အလည်ရောက်လာပါတယ်။ ''အစ်ကိုက အထဲကိုမ၀င်ဘူး။ ဂေဟာကိုလှည့်ပတ်ကြည့်ပြီး သူငိုပြီးပြောတယ်။ မင်းခုလို လူကောင်းအဖြစ် ပြောင်းလာမယ်လို့ ငါထင်မထားဘူး။ မင်း ၀ါရိယတယောက်ဖြစ်တာ ကိစ္စမရှိဘူး။ ဒါပေမယ့် မင်းက မင်းအဖွဲ့ အစည်းအတွက် စံပြပုဂ္ဂိုလ်ဖြစ်သွားပြီ။ အကူအညီလိုနေတဲ့သူတွေကို ဂေဟာမှာ တင်ကျွေးနိုင်ပြီ။ ငါ့တို့တစ်မိ သားစုလုံး မင်းအတွက် ဂုဏ်ယူတယ်တဲ့။ ပြီးတော့ပြောသေးတယ်။ .. မင်းကို ပြည့်တန်ဆာအဖြစ် လက်မခံနိုင်ခဲ့ပေမယ့် ခုတော့ မင်းက လူကောင်းတယောက်ဖြစ်သွားလို့ ကျေနပ်တယ်တဲ့။ နောက် ရက်နည်းနည်း ကြာတော့ ကျမဥပေဒေဘွဲ့ယူမယ့်ဆီ သူလိုက်လာတယ်။ ဘွဲ့နှင်းသဘင်မှာ သူဘာမှ မပြောနိုင်တော့ဘူး။ လိုက်သာလိုက်လာတာ။ စကားတစ်ခွန်းမှမပြောဘူး။ ငိုပဲငိုနေတယ်။ ဒီနောက်ပိုင်းသိပ်မကြာခင်မှာ အစ်ကို ဆုံးသွားတယ်။ အသုဘသွားမေးတော့ သူကျမအတွက် မက်ဆေ့ခ်ျလေးချန်ထားခဲ့တယ်။ လူကောင်း တယောက်အဖြစ် ဆက်လျှောက်သွားရမယ်တဲ့ လေ။'' အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယူလီအန်းနက်စ်ရက်တိုဘလော့ဟာ လူ့အသိုင်းအ၀ိုင်းက အကျဉ်ခံထားရတဲ့ လိင်စိတ်သွေဖည်သူသက်ကြီးရွယ်အိုတွေအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဆုံး လူအိုရုံကို ထူထောင်နေသူ တယောက်ဖြစ်ပါတယ်။ အာရှဒေသ သတင်းဆောင်းပါးအတွက် ရေဘက်ကာဟန့်ခ်ျကယ် က တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024