
အရက်ယမကာ ထိန်းချုပ်ရေးအတွက် အခွန်တိုးမြှင့်ကောက်ခံမှုတွေ လုပ်ဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီ ဦးသန်းအောင်က ပြောပါတယ်။
သြဂုတ် ၂၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ အရက်ယမကာ သုံးစွဲမှု လျော့နည်းရေးမူဝါဒနဲ့ မဟာဗျူဟာများ ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာပါ။
အရက်ယမကာ ထိန်းချုပ်မယ် ဆိုရင် အခွန်တိုးမြှင့်ကောက်ခံတာအပြင် အရက်ဝယ်ယူတာကို ခက်ခဲအောင် စီစဉ်တာ၊ အရက်ရောင်းချမှု ထိန်းချုပ်တာ၊ အရက်ရောင်းအား မြှင့်တင်မှု ထိန်းချုပ်တာနဲ့ ကုန်သွယ်မှုထိန်းချုပ်တာကိုပါ ပူးတွဲပြီး လုပ်သင့်တယ်လို့ သူက ပြောပါတယ်။
ဒီညှိနှိုင်းဆွေးနွေးပွဲတက်ရောက်လာတဲ့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်ကတော့ မြန်မာနိုင်ငံမှာ အရက်ယမကာ သောက်သုံးမှု လျော့နည်းစေရေး လုပ်ဆောင်မှုတွေဟာ ဥပဒေအသစ်တွေ ပြဋ္ဌာန်းခြင်းမပြုနိုင်သေးသလို လက်ရှိ ဥပဒေဘောင်အတွင်းက ဆောင်ရွက်မှုတေဟာလည်း အားနည်းနေတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒီလုပ်ငန်း တွေအောင်မြင်ဖို့ အမျိုးသားအဆင့် အဖွဲ့အစည်းတခု ဖွဲ့စည်းဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရက်နဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းနည်းနေသေးသလို သုတေသနရလဒ်တွေကို အခြေခံပြီး မူဝါဒတွေရေးဆွဲဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အရက်သောက်သုံးမှုလျော့နည်းရေးကို အမျိုးသားရေးအမြင်နဲ့ စည်းရုံး ပညာပေးတာ၊ ဥပဒေပြုရေးနဲ့ ဥပဒေကို ထိရောက်စွာလိုက်နာဖို့ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
လောလောဆယ် မြန်မာနိုင်ငံမှာ ပြည်တွင်းထုတ် အရက်တွေ အများဆုံးပျံ့နှံနေပြီး ပြည်ပက အရက်တင်သွင်းခွင့်ကိုတော့ လုံးဝ ပိတ်ပင်ထားပါတယ်။
ဒါပေမယ့် ဈေးကွက်လိုအပ်ချက် ရှိနေတာကြောင့် ခိုးသွင်းမှု များပြားပြီး အလွယ်တကူ ၀ယ်ယူနိုင်ကြပါတယ်။










