
ရန်ကုန်မြို့သစ်စီမံကိန်းကို မကြာခင်မှာ ပွင့်လင်းမြင်သာစွာနဲ့ တင်ဒါခေါ်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒီစီမံကိန်းမှာ အားလုံးပူးပေါင်းပါဝင်နိုင်မယ့် အခွင့်အလမ်းတွေကို ဖန်တီးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
သြဂုတ် ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ရန်ကုန်မြို့ရဲ့ လူဦးရေနဲ့ လူမှုစီးပွားအခြေအနေ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ရန်ကုန်အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေး တူးမြောင်းအကြား လှိုင်မြစ်နဲ့ လှိုင်သာယာ-တွံတေးကားလမ်းအကြား မြေနေရာမှာ မြို့တိုးချဲ့ဖို့ လျာထားတယ်လို့လည်း ပါရှိပါတယ်။
ဒီစီမံကိန်းကို နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ကုန်ချခံ သုံးစွဲမှာ မဟုတ်ဘဲ Developer တွေ ဒေသခံပြည်သူတွေနဲ့ ရင်းနှီးမြှုပ်နှံလိုသူတွေအားလုံး ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ရည်မှန်း ထားတယ်လို့လည်း ဆိုပါတယ်။
မြန်မာ့စေတနာ မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနဲ့ တွံတေးမြို့နယ်တွေမှာ ရှိတဲ့ မြေဧက ၃ သောင်းပေါ်မှာ အကောင်အထည်ဖော်မယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရုတ်တရက်ပေါ်လာတဲ့ ဒီစီမံကိန်းကြောင့် ပွင့်လင်းမြင်သာမှု ရှိဖို့ မီဒီယာတွေကနေ ဝေဖန်သံတွေ ထွက်လာခဲ့ပြီး မြို့သစ်စီမံကိန်းသတင်းကို အကြောင်းပြုလို့ မြေဈေးတက်မှုတွေလည်း ရှိနေပါတယ်။
လက်ရှိအချိန်မှာတော့ စီမံကိန်း အကောင်အထည်ဖော်ဖို့ နိုင်ငံတော်အစိုးရဆီမှာ ခွင့်ပြုချက်ယူပြီး မြို့မြေသတ်မှတ်ရေး လုပ်ငန်းစဉ်တွေကို ဥပဒေနဲ့အညီ ဆောက်ရွက်နေတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ကြေညာချက်မှာပါ ရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ဒီဗွီဘီက ရန်ကုန်မြို့သစ်စီမံကိန်း ဘယ်တော့စတင်မလို့ မေးမြန်းရာမှာ ဆောင်ရွက်နေဆဲကာလဖြစ်ကြောင်း ဖြေကြားခဲ့ပြီး အသေးစိတ်တော့ ပြောဆိုခြင်းမရှိပါဘူး။










