Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် ပြေးဆွဲမည့် ဘီအာတီဘတ်စ်ကားစနစ် အဆင့်သင့်မဖြစ်သေး
ထွန်းထွန်းသိန်း
·
August 28, 2014
ရန်ကုန်မြို့တော်မှာ ပြေးဆွဲဖို့ ပြီးခဲ့တဲ့နှစ်ထဲက စီစဉ်ခဲ့တဲ့ ဘီအာတီဘတ်စ်ကားစနစ် ပြေးဆွဲဖို့က အဆင့်သင့်မဖြစ်သေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရန်ကုန်မြို့တော် အတွက် Bus Rapid Transit (BRT)စနစ် စမ်းသပ်ပြေးဆွဲတော့မယ်လို့ ပြီးခဲ့တဲ့နှစ် ဖူလိုင် ၉ ရက်နေ့ ရန်ကုန်စည်ပင်ကော်မတီရုံးမှာ ကျင်းပတဲ့ ပို့ဆောင်ရေးဆိုင်ရာ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပေမယ့် ၁ နှစ်ကျော်လာတဲ့အထိ ပြေးဆွဲနိုင်ခြင်း မရှိသေးပါဘူး။ BRT_Stationဘီအာတီစနစ် စမ်းသပ်ပြေးဆွဲဖို့ ဂျပန်အစိုးရအဖွဲ့အစည်းဖြစ်တဲ့ ဂျိုက်ကာက လေ့လာ ဆန်းစစ်ထားပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီနဲ့ မထသ တာဝန်ရှိသူတွေက သဘောတူ ဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးနဲ့ ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလှအောင်ကတော့ ဘီအာတီဘတ်စ်ကားစနစ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားပြီး စီမံ ဆောက်ရွက်နေတဲ့အဆင့်ပဲရှိသေးတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “ဘီအာတီစနစ် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လက်ပြီးစီမံဆောင်ရွက်နေတဲ့ အဆင်ပဲ ရှိသေးတယ်။ သက်ဆိုင်ရာ ကုမ္ပဏီကလည်း လမ်းကြောင်းရွေးချယ်မှုတွေ၊ ဆွေးနွေးမှုတွေ ဆောင်ရွက်ရေးအတွက်ကို ဆွေးနွေးနိုင်တဲ့ အနေအထားပဲ ကျနော်သိပါသေးတယ်။ ကျနော်တို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တင်ပြတာကတော့ ကုမ္ပဏီဘုတ်က ဘက်စုံမြင်ကွင်း ကုမ္ပဏီ တခုပဲ တင်ပြပါတယ်ခင်ဗျ။ စမ်းသပ်ပြေးဆွဲမှုအတွက်ကိုပဲ ဆောင်ရွက်နေတာဖြစ်ပါတယ်။” ဘီအာတီဘတ်စ်ကားစနစ်ကို ပြေးဆွဲမယ့် ကုမ္မဏီဘက်က ဝေဇယန္တာ လမ်းမကို အခြေပြုပြီး ပြေးဆွဲဖို့ တင်ပြထားပေမယ့် ရွေးချယ်မယ့်လမ်းကြောင်း အပြည့်အ၀ မသတ်မှတ်ရသေးဘူးလို့လည်း ဦးလှအောင်က အခုလိုပြောပါတယ်။ “လောလောဆယ် ပြေးဆွဲမယ့် လမ်းကြောင်းကိုတောင် အပြည့်အ၀ မသတ်မှတ်နိုင်သေးပါဘူး။ ဥပမာ - ဝေဇယန္တာလမ်း လမ်းကို အခြေခံပြီးပြေးမယ်လို့ ပြောပါတယ်။ ကျနော်တို့ ဘတ်စ်ကားလိုင်းတွေက ဝေဇယန္တာလမ်းပေါ်မှာ အများကြီး ပြေးဆွဲထားတဲ့အပိုင်း မရှိပါဘူး။ ဥပမာ သူက မြောက်ဥက္ကလာဘက်က စပြီးဝင်မယ်ဆိုရင် ဘယ်ကနေ၀င်မလဲ၊ ကျနော်တို့ကားက ဘယ်လောက်ရှိသလဲ။ လမ်းကြောင်း ဘယ်လို သတ်မှတ်မလဲ။ ဒါလေးတွေအပေါ်မှာ မူတည်ပြီးတော့မှ စဉ်းစားရမှာဖြစ်ပါတယ်။” ဒီကိစ္စကို လက်ရှိ ကျင်းပနေတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း လွှတ်တော်မှာ ဆွေးနွေးမှုတွေ ရှိနေပြီး စီစဉ်နေဆဲအဆင့်ပဲ ရှိသေးတယ်လို့ လွှတ်တော်မှာ တက်ရောက်နေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။ ဘီအာတီစနစ်ဆိုတာဟာ အဆင့်မြင့် ဘတ်စ်ကား ပြေးဆွဲဖို့ အခြားယာဉ်တွေ အသုံးပြုခွင့် ပေးမထားတဲ့ သီးသန့်ယာဉ်ကြော သတ်မှတ်ပေးထားပြီး ဘူတာရုံသဖွယ် သတ်မှတ်ပြီး ဘတ်စ်ကားဂိတ်တွေ ထားရှိ ပြေးဆွဲတဲ့စနစ် ဖြစ်ပါတယ်။ လက်ရှိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အလွန်ကျယ်တဲ့ လမ်းကြောင်းတွေနဲ့ ဘီအာတီ စနစ် ကျင့်သုံးနေတဲ့ ဘတ်စ်ကား ပြေးဆွဲမှုလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဘီအာတီစနစ် ဖော်ဆောင်ဖို့အတွက် ဘက်စုံမြင်ကွင်းကုမ္ပဏီ (Omni Focus ကုမ္ပဏီ) က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားပြီး တောင်ကိုရီးယားနိုင်ငံမှ မှာယူ တင်သွင်းထားတဲ့ကားတွေနဲ့ အဲဒီစီမံကိန်းကို အမေရိကန်ဒေါ်လာ ၇ သန်းခန့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမှာမယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြား ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024