A d v e r t i s e m e n t With Us

ပါကစ္စတန်ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြ

ပါကစ္စတန်မှာ ၀န်ကြီးချုပ် န၀ပ်ရှာရစ် နုတ်ထွက်ပေးဖို့ လူထောင်ပေါင်းများစွာ ဆက်ပြီးတော့ တောင်းဆိုနေပါတယ်။ အတိုက်အခံ ခေါင်းဆောင်း အင်ရန်ခန်းနဲ့ ဘာသာရေးခေါင်းဆောင် တာဟာယူ ကာဒရီတို့က ခေါင်းဆောင်ပြီး လွန်ခဲ့တဲ့ တပတ်ကတည်းက မြို့တော် အစ္စလာမ္မာဘတ်မြို့မှာ ဆန္ဒပြနေတာပါ။ PAKISTAN-UNREST-POLITICSသတင်းတွေအရ ၂ ဘက် ဆွေးနွေးပွဲမှာ အချက်အားလုံး သဘောတူပေမယ့် ၀န်ကြီးချုပ် န၀ပ်ရှာရစ်ကို နုတ်ထွက်ပေးဖို့ တောင်းဆိုချက်အပေါ်မှာတော့ သဘောတူညီချက် မရဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ အင်ရန်ခန်း ခေါင်းဆောင်တဲ့ ပီတီအိုင်ရဲ့ တောင်းဆိုချက်က ၂၀၁၃ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို တရားရေးဌာန ကော်မရှင်တရပ်က စုံစမ်းနေတဲ့ အချိန်မှာ ၀န်ကြီးချုပ်ကို တလ နုတ်ထွက်ပေးရမယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့ မိန့်ခွန်းမှာ ခန်းက တရားရုံးချုပ်က ၃ ဦးပါ ကော်မရှင်တခုကို ဖွဲ့စည်းဖို့ တောင်းဆိုထားပေမယ့် တရားဝင် တုံ့ပြန်မှုတော့ မရသေးပါဘူး။ အစိုးရနဲ့ အင်ရန်ခန်းရဲ့ ပီတီအိုင် ပါတီတို့ ကြားက ဆွေးနွေးပွဲမှာ အဖြေမထွက်တဲ့အတွက် နယူးကလီးယား လက်နက်ပိုင်ဆိုင်ထားပြိး တာလီဘန် အန္တရာယ်ရှိတဲ့ ပါကစ္စတန် တည်ငြိမ်ရေး အတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ ၀န်ကြီးချုပ် မနုတ်ထွက်ဘဲ စုံစမ်းမယ်ဆိုရင် ယုံကြည်လောက်စရာ အကြောင်းမရှိနိုင်ဘူးလို့ ခန်းက ပြောပါတယ်။ န၀ပ်ရှာရစ် မနုတ်ထွက်မချင်း ဆန္ဒပြသွားမယ်လို့ ခန်းက ဆန္ဒပြသမားတွေကို ပြောပါတယ်။ အခုဆန္ဒပြပွဲဟာ ပါကစ္စတန်မှာ စစ်တပ်နဲ့ အရပ်သား ခေါင်းဆောင်တွေကြားက အားပြိုင်မှုကို မီးမောင်းထိုးပြမှုလည်း ဖြစ်ပါတယ်။ အစိုးရကို အင်အားချိနဲ့ သွားစေဖို့ ဒီဆန္ဒပြပွဲတွေကို စစ်တပ်က နောက်ကွယ်က စီစဉ်နေတာလို့ တချို့ အစိုးရ အရာရှိတွေက စွပ်စွဲပေမယ့် စစ်တပ်ကတော့ ငြင်းဆန်ပါတယ်။ အခုလို နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် စစ်တပ် အာဏာသိမ်းတဲ့အထိ ဦးတည်သွားမှာ မဟုတ်ပေမယ့် လုံခြုံရေးနဲ့ပတ်သက်လို့ အရပ်သား အစိုးရက စစ်တပ်အပေါ် အားကိုးရမှာဖြစ်လို့ စစ်တပ်အာဏာကြီးထွားလာလိမ့်မယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up