DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း ကျပ်ငွေ ဘီလီယံ ၇ ထောင်ကျော် မြို့သစ်စီမံကိန်း တည်ဆောက်မည်
DVB
·
August 23, 2014
ရန်ကုန်တိုင်းအတွင်း ကျပ်ငွေ ဘီလီယံ ၇ ထောင်ကျော် မြို့သစ်စီမံကိန်း တည်ဆောက်မည်
Donate to DVB

ရန်ကုန်မြို့အနောက်ဘက်ခြမ်းမှာ အကောင်အထည်ဖော်မယ့် မြို့သစ်စီမံကိန်းကို မြန်မာ့ စေတနာမြို့သစ် အများပိုင် ကုမ္ပဏီလီမိတက်ကို လုပ်ကိုင်ခွင့်ပေးမယ်လို့ သိရပါတယ်။

New City Yangonရန်ကုန်မြို့တော်ရဲ့လူဦးရေနဲ့ လူမှုစီးပွားရေးတိုးတက်လာဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်မြို့တော် အနောက်ဖက်မှာရှိတဲ့ ပန်းလှိုင်မြစ်နဲ့ တွံ့တေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ-တွံ့တေး ကားလမ်းကြားမှာရှိတဲ့ မြေနေရာများကို လျာထားပြီး မြို့မြေအဖြစ် သတ်မှတ်ပြီးပါက မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီလီမိတက်ကို လုပ်ကိုင်ခွင့်ပေးမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားလိုက်တာပါ။

အဲ့ဒီစီမံကိန်းကို ၃နှစ်အတွင်း ခုနှစ်ဆယ်ရာခိုင်နှုန်းပြီးအောင်ဆောင်ရွက်သွားမှာဖြစ်ပြီးကျပ်ငွေ ဘီလီယံ ၇ ထောင်ကျော်နဲ့ အမေရိကန်ဒေါ်လာ ၈ ဘီလီယံရင်းနှီးမြုပ်နှံမှာဖြစ်ပြီး အဲဒီ လျာထားမြေနေရာတွေဟာ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ တွံ့တေးမြို့နယ် များတွင် တည်ရှိပြီး ခန့်မှန်းဧရိယာ ဧက ၃ သောင်း ကျယ်ဝန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက သြဂုတ်လ ၂၂ ရက်နေ့ ကပြုလုပ်တဲ့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နဝမပုံမှန်အစည်းအဝေးကို ပေးပို့တဲ့ ရန်ကုန် မြို့တော်သစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်နဲ့ ပတ်သတ်တဲ့ သဝဏ်လွှာကို ဖတ်ကြားသွား ပါတယ်။

အခုလို မြို့သစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်ပါက လူဦးရေ ၄ သိန်းနီးပါး အလုပ်အကိုင် အခွင့်အလမ်း ရရှိမယ်လို့လည်း ဆိုပါတယ်။

အခုလို မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ တဖွဲ့တည်းရဲ့ သဘောထား တခုတည်းနဲ့ ဆောင်ရွက်တာဟာပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဗဟန်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆိုပါတယ်။

“ဒီစီမံကိန်းက ကုမ္ပဏီကြီးတခုထဲ ပေးထားတာ တော်တော်လေး ရုပ်ဆိုးတာပေါ့။ ဒီကုမ္ပဏီတခု ကပဲ စီမံကိန်းကို ယူထားတယ်။ အဲဒီမှာ ပေးမယ်ဆိုတဲ့ တန်ဖိုးနည်း အိမ်ရာကလည်း သိမ်းယားထားတဲ့ ဧက ၃ သောင်းကျော်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရမယ့်တန်းဖိုးနည်းအိမ်ရာ အခန်း ၂ သောင်းဆိုတာ အင်မတန်ကို နည်းတယ်။ ဒါဟာ ထင်ထင်ရှားရှားကြီး ပေါ်လွင်နေတယ်။ ဒီကြားထဲမှာ လူထုအတွက် ကြီးကြီးမားမား နစ်နာဆုံးရှုံးမှုတွေ အများကြီးရှိမယ်လို့ ကျမ ယုံကြည့်တယ်။”

အခု အကောင်အထည်ဖော်မယ့် စီမံကိန်းမြေနေရာမှာ လယ်မြေအမျိုးအစားများလည်း ပါဝင်တဲ့အတွက် မြို့မြေအဖြစ်သတ်မှတ်ဖို့ တည်ဆဲဥပဒေ နည်းဥပဒေမျာနဲ့ ဆောင်ရွက်လျက်ရှိ တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းလွှတ်တော်မှာ တင်ပြသွားတဲ့ မြို့သစ်စီမံကိန်းတည်ဆောက်မယ့် ပန်းလှိုင်မြစ်နဲ့ တွံ့တေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ-တွံတေး ကားလမ်းကြားမှာရှိတဲ့ မြေနေရာနဲ့ ဓားလွယ်ခုတ်လောက်မှာ မြေဧက ၂ သောင်း အကျယ်အ၀န်းရှိတဲ့ မြို့သစ်စီမံကိန်းတခု ဖော်ထုတ်သွားဖို့ရှိတယ်လို့ မြို့ပြပညာရှင် ဒေါက်တာကျော်လတ်ကလည်း ဒီဗွီဘီကို ပြောပါတယ်။

“တကယ်ကတော့သူနဲ့ ဓားလွယ်ခုတ် တည့်တည့်မှာလည်း စီမံကိန်းဖော်ဖို့ မြေဧက ၂ သောင်း ရှိပြီးသားပါ။ ၀န်ကြီးချုပ်က ဟိုတုန်းက အဲဒါကို မလုပ်ချင်သလိုလိုဖြစ်နေတယ်။ ဒါပေမယ့် အဲဒါကို သမ္မတနဲ့ ပြောပြီး လုပ်တော့မှာပါ။ အဲဒီ ၂ သောင်းကလည်း ရှိပြီးသားပါ။ တကယ်တော့ သူပြောတဲ့နေရာမှာ ၃ သောင်းမကပါဘူး အများကြီး ရှိပါတယ်။”

သူကပဲ ပြီးခဲ့တဲ့အပတ် ဒီဗွီဘီဒီဘိတ်တခုမှာ ပြောသွားတာက ရန်ကုန်မြို့ဟာ အင်္ဂလိပ်လက်ထက်တုန်းက စတုရန်းမိုင် ၃၀လောက် အကျယ်အ၀န်းပဲ ရှိခဲ့ရာက အခုအခါ စတုရန်းမိုင် ၃၀၀ လောက်ကျယ်ဝန်ခဲ့ပြီမို့ ဆယ်ဆလောက် တိုးချဲ့ခဲ့ပြီး ဖြစ်တယ်လို့ ပြောသွားပါတယ်။

မကြာသေးခင်က နေပြည်တော်မှာပြုလုပ်သွားတဲ့ အစိုးရအဖွဲ့ လေးလပတ်စည်းဝေးမှာ သမ္မတဦးသိန်းစိန်က ဆင်းရဲနွမ်းပါးသူတွေနဲ့ အိုးအိမ်မဲသူတွေအတွက် ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးအတော်များများမှာ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်ပေးဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013