သြဂုတ် ၂၃ ရက် မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
August 22, 2014
သြဂုတ်လ ၂၂ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။
မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။
သြဂုတ်လ ၂၃ ရက်နေ့
မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာရှိနိုင်ပြီး လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက် မြင့်တက်နိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်မြင့်တက်နိုင်မှုကတော့ လွန်ကဲအဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ အောက်ကျရောက်နိုင်တာကတော့ မြစ်ကြီးနားမြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၈.၆ သာရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ အညွှန်းကိန်း တန်ဖိုး ၁၂ ကနေ ၁၃ ကျော်မြင့်တက်နိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး ကျရောက် နိုင်တာကတော့ ကော့သောင်းမြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၃.၅ ကျရောက်နိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၄၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်း လောက် သေချာမှုရှိနိုင်ပါတယ်။
မိုးရွာသွန်းနို်င်မှုခန့်မှန်းချက်ကတော့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့သေချာမှု ၄၀ ရာခိုင်နှုန်း ကနေ ၆၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ နေရာကွက်ကြားမိုးရွာနိုင်ပြီး မိုးရွာဖို့သေချာမှု အနေနဲ့ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းရှိနိုင်ပါတယ်။
မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာကနေ ၅၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။
မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
ရန်ကုန်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့်ဖြစ်ထွန်း နိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၂၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။