Home
မေးမြန်းခန်း
နိုင်ငံရေးမူဘောင်အတွက် ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါရမယ်- ဦးဟန်ရွှေ
မျိုးဇော်လင်း
·
August 22, 2014
အစိုးရ၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေးပွဲမှာ အစိုးရဘက်က တိုင်းရင်းသားတွေ လိုလားတဲ့ အခွင့်အလမ်းကို ပေးရမယ်ဆိုတဲ့ သဘောထားတွေ ဖော်ပြတဲ့အတွက် နီးစပ်တဲ့ အခြေအနေ ရောက်ရှိခဲ့တယ်လို့ တိုင်ရင်းသားစည်းလုံညီညွတ်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဦးဟန်ရွှေက ပြောပါတယ်။ အစိုးရ၊ လက်နက်ကိုင်တိုင်းရင်သားခေါင်ဆောင်တွေနဲ့ အန်ကယ်တို့ပါတီတွေ ၃ ပွင့်ဆိုင် တွေ့ဆုံခဲ့တာ ဘာတွေများထူးခြားတာတွေရှိလဲ သိချင်ပါတယ်။ u han shwe “ထူးထူးခြားခြားရှိတာက အခုဟာက ပထမဆုံးအစည်းအဝေးပေါ့။  ပထမဆုံး အစည်းအဝေး မှာ မြင်တဲ့ထူးခြားချက်ပဲပြောရမှာပေါ့။ အန်ကယ်မြင်တာကတော့ ၃ ဖွဲ့စလုံးကို ကြည့်တဲ့အခါကျတော့ အန်စီစီတီအဖွဲ့ကလည်းပဲ ငြိမ်းချမ်းရေး လိုချင်တယ်။ ငြိမ်းချမ်းရေးနဲ့ အတူ သူတို့ကလည်းပဲ သူတို့ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့၊  ရရမယ့် အခွင့်အရေးတွေ ရရမယ်၊ တန်းတူညီတူ ရရမယ်။ ဒါ့အပြင် သူတို့ တိုင်းရင်းသားတွေအနေနဲ့ သူတို့ စီမံခန့်ခွဲပိုင်ခွင့် (Self Determination)  ရသင့်တယ်ပေါ့။ အဲဒီဟာ ရဖို့ ငြိမ်းချမ်းရေးဟာ အချိန်မရွေးဖြစ်မယ်လို့ ယူဆတယ်။  အန်ကယ်တို့ ဒီနိုင်ငံရေးပါတီတွေက ဆွေးနွေးတဲ့အခါကျတော့ ဒီဟာတွေကို တန်းတူရည်တူရှိရေး၊ တိုင်းရင်းသားတွေအတွင်းမှာ တန်းတူရည်တူရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးဆိုတဲ့ဟာ ဖြစ်သင့်တယ်။ ဒီအခွင့်အလမ်းကို ပေးရမယ်ဆိုတဲ့ ဒီသဘောထားတွေ ဖော်ပြတဲ့အတွက် နီးစပ်တဲ့အခြေအနေ ရှိတယ်ပေါ့။” “ထို့အတူပဲ ယူပီဒဗလျူစီပေါ့။ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့အနေနဲ့ ဒီဟာနဲ့ ပတ်သက်လို့ ပြဿာနာမရှိဘူး။ သမ္မတကြီးပေးထားတဲ့ သဘောထားကိုက အချုပ်အခြာအာဏာကို မထိပါးစေနဲ့၊ ခွဲထွက်တာ မပြောနဲ့၊ ဒီ ၂ ခုကလွဲရင် ကျန်တာ အားလုံး ဆောင်ရွက်ဖို့ရှိတယ် ဆိုတဲ့အတွက် ဒါဟာ ဘုံသဘောတူညီချက်သဘောမျိုးဖြစ်သွားတဲ့အတွက် ဒါဟာ ရှေ့ဆက်ဆွေးနွေးမယ့်။ အလားအလာကောင်း ရှိနိုင်တယ်လို့၊ ရှိလာမယ်လို့ အန်ကယ်တို့ တွေ့ရတဲ့ထူးခြားချက်က ဒါပါပဲ။” ပါတီကြီးတခုအနေနဲ့ လာမယ့် နိုင်ငံရေးအခင်အကျင်း နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဘယ်လို မူဘောင်တွေ ချမှတ်ပြီး ဘယ်သူတွေပါသင့်လဲဆိုတာတွေကို ဆွေးနွေးသွားဖို့ ကြိုတင်ပြင်ဆင်ထားတာတွေ ရှိလား။ “ရှိပါတယ်။ အန်ကယ်တို့ ပါတီအနေနဲ့ကတော့ ငြိမ်းချမ်းရေးကို ဟိုတုန်းကတည်းက လိုလားတဲ့ပါတီ ဖြစ်တဲ့အတွက်၊ လမ်းစဉ်ပါတီကတည်းက ဖိတ်ခေါ်ပြီးတော့ ဆွေးနွေးခဲ့ကြတာ ရှိတယ်။ သို့သော်လည်းပဲ အကြောင်းအမျိုးမျိုးကြောင့် ကံမကောင်း အကြောင်းမလှစွာနဲ့ ပျက်သွားရတယ်။ သို့သော် အန်ကယ်တို့ ရင်ထဲမှာ၊ ခေါင်းထဲမှာတော့ ဒါက  အမြဲတမ်း ရှိနေတယ်။ ဒီဘက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဘ၀ ရောက်လာတဲ့ အခါကျတော့လည်း ၂၀၁၁ ခုနှစ် သမ္မတကြီးကနေ ဒါကို ဖိတ်ခေါ်လိုက်တဲ့အခါမှာ အန်ကယ်တို့ ဒီဥစ္စာကို လိုလိုလားလား ထောက်ခံကြိုဆိုတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်မယ်ဆိုရင် အန်ကယ်တို့ ဘယ်နေရာကဖြစ်ဖြစ် ၀င်ရောက်ဆောင်ရွက်မယ်။ ဒါနဲ့ ပတ်သက်တဲ့ သဘောထားတွေကိုလည်း အန်ကယ်တို့ ချခဲ့တာ ရှိတယ်။ အဓိကကတော့ အန်ကယ်တို့ပါတီ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီလို့ နာမည်ယူလိုက်တာက အစ အန်ကယ်တို့ Brainstorming (အပြင်းအထန်ဆွေးနွေးငြင်းခုံမှုတွေ) အများကြီး လုပ်ခဲ့ရတယ်။ Mindset (အတွေးအခေါ်၊ စရိုက်၊ အမြင်) တွေ အများကြီး ကျနော်တို့ ပြင်ခဲ့ရတယ်။ ပြင်ပြီးတော့မှ ဒီနာမည်ကို ယူတာ။ "ဒါကြောင့်မို့လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင်တိုက်ခိုက်နေတဲ့အခြေအနေတွေ ကင်းငြိမ်းသွားဖို့ဆိုလို့ ရှိရင် တိုင်းရင်းသားတွေနဲ့ ဆိုင်တဲ့သဘောထားတွေ မှန်မှန်ကန်ကန် ချထားဖို့ လိုတယ်။ အဲဒီတော့ တိုင်းရင်းသားတွေက ဘယ်လိုသဘောထားတွေရှိသလဲ၊ သူတို့ရဲ့ သဘောတူညီချက်တွေက ဘာတွေရှိသလဲ ဆိုတာ လေ့လာရတယ်။ ဒါကြောင့် အန်ကယ်တို့ ပါတီရဲ့ သဘောထားတွေဟာ သူတို့ရဲ့ ရှိနေတဲ့ သဘောထားတွေနဲ့ တတ်နိုင်သမျှ တူညီနိုင်အောင် တနည်းအားဖြင့် ဘုံသဘောထားတူညီမှုရှိအောင် အန်ကယ်တို့ပါတီက သဘောထားတွေ ချမှတ်ပေးခဲ့ရတာတွေ ရှိတယ်။ "အဲဒါကြောင့်မို့လို့ အန်ကယ်တို့ပါတီက တိုင်းရင်းသားရေးနဲ့ ပတ်သက်လို့ သဘောထား ၄ ရပ် ချမှတ်ထားတယ်။ (၁) တန်းတူရည်တူရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ ဒါ ဟိုတုန်းကတည်းက ငြိမ်းချမ်းရေး မဆွေးနွေးခင်ကတည်းက။ နောက်တခါ တိုင်းရင်းသားလူမျိုးတမျိုးအနေနဲ့ ရှင်သန် ရပ်တည်ပိုင်ခွင့်ရှိရေး၊ ဒါကို နည်းနည်းပြောချင်တယ်။  တိုင်းရင်းသားလူမျိုးတမျိုးအနေနဲ့ ရှင်သန်ရပ်တည်ပိုင်ခွင့်ရှိရေးဆိုတာက အဓိက တိုင်းရင်းသားတော့ ဖြစ်တယ်။ လူနည်းစုလေးတွေ လီဆူး၊ အင်းနဲ့ လားဟူတို့ ဒါတိုင်းရင်းသားပဲနော်၊ သို့သော် သူတို့မှာ လူဦးရေ နည်းတယ်။ တချို့ အပယ်ခံနေရတာတွေ ရှိတယ်။ တချို့ ဘာမှ မဖွံ့ဖြိုးဘဲနဲ့ ဒါတွေအတွက်လည်း ပဲကြည့်ရမယ်။ ရှင်သန်ရပ်တည်ပိုင်ခွင့် ရှိရမယ်၊ ၀ါးမျိုတာမျိုး မလုပ်ရဘူး။ ညီညာသော ဖွံ့ဖြိုးတိုးတက်မှု ဒီကနေ့တိုင်းရင်းသားတွေ လက်နက်ကိုင်တော်လှန်မှုလုပ်တာဆိုတာ တချက် ပါတယ်။ သူတို့မှာ ညီညာသော ဖွံ့ဖြိုးတိုးတက်မှု မရှိဘူး။ Infrastructure (အခြေခံအဆောက်အအုံ) တွေ ညံ့နေတယ်။ ကျန်းမာရေးနဲ့ စီးပွားရေး ဒီအခွင့်အရေးတွေ မရဘူး ဆိုတော့ အဲလိုဟာမျိုးပေါ်မှာ အန်ကယ်တို့က ဒီ ၄ ချက်ချမှတ်ပြီးတော့ လုပ်ခဲ့တာရှိပါတယ်။ "ဒါကြောင့်မို့လို့ အန်ကယ်တို့ပါတီအနေနဲ့ကတော့ ငြိမ်းချမ်းရေးဖြစ်လာတဲ့ ဒီအနေအထားကို စပါဝင်တဲ့ လုပ်တဲ့အချိန်ကတည်းက၊ ဖိတ်ခေါ်တဲ့အချိန်ကတည်းက ပါပြီးတော့ တောက်လျှောက် ဆောင်ရွက်ခဲ့တာ။ သို့သော် အန်ကယ်တို့ပါတီအနေနဲ့ကတော့ တရားဝင် လုပ်ပိုင်ခွင့်ရှိတဲ့ပါတီ မဟုတ်ဘူး။ အကြံဉာဏ်ပေးရမယ်။ နောက် ဒီဘက်မှာ Morol Support (အားပေးထောက်ခံမှု)အဲဒီလိုလုပ်ရတဲ့ အခြေအနေမျိုးရှိတဲ့အတွက် လမ်းဆုံးတဲ့အထိ ပါဝင်ဆောင်ရွက်သွားမယ်လို့ သဘောထားချမှတ်ထားတယ်။” နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ရေးမှာ ၃ ပွင့်ဆိုင်ရဲ့ သဘောထားမူဘောင်တွေ သိရှိရ ပြီးနောက် အန်ကယ်တို့ပါတီအနေနဲ့ ဘယ်လို မူဘောင်တွေကို သဘောတူခဲ့တာရှိလဲ။ (ဥပမာ- ၃ ပွင့်ဆိုင်၊ ၆ ပွင့်ဆိုင်နဲ့ ၈ ပွင့်ဆိုင် စတဲ့အချက်တွေကိုပြောတာပေါ့ဗျာ) “အန်ကယ်တို့လည်း (Frame Work) မူဘောင် ရှိပါတယ်။ ဘာကြောင့်လဲဆို နိုင်ငံရေး ဆွေးနွေးပွဲလုပ်မယ်ဆိုရင် Frame Work က မဖြစ်မနေ လိုတယ်။ မထားလို့မရဘူး။ Frame Work မရှိဘဲ လက်တန်းလိုက်ပြီးဆွေးနွေးနေရင် အချိန်က ပိုကြာမယ်။ ပေရှည်မှာပဲ။ အဲဒီတော့ Frame Work (၁) ဘယ်သူတွေပါမလဲ ဘာတွေဆွေးနွေးကြမလဲ။ ဘယ်သူက ဦးဆောင်မှာလဲ။ ကုန်ကျတဲ့ ငွေကြေးတွေ ဘယ်သူက တာဝန်ယူမှာလဲ အဲဒီလို အချက်အလက်တွေပါတဲ့ Frame Work ရှိရမယ်။ အဲဒီတော့ ဘယ်သူတွေ ပါဝင်ကြမလဲဆိုတာကို ကြည့်ရင် ဒီမိုကရေစီ ယဉ်ကျေးမှုကိုလည်း ကြည့်ရမယ်။  ဒီမိုကရေစီစနစ်ဆိုတာက အားလုံး ခပ်များများ ပါဝင်ဖို့ပဲ။ All Inclusive (ပါဝင်သင့်ပါဝင်ထိုက်သူများ) ပါဝင်ရေးပဲ။ သို့သော် (All Inclusive) ဆိုပြီး အကုန်လုံးပါပြီးတော့ ဟိုနင်းဖြစ်လို့လည်း မရဘူး။ ဒါ အစွန်းတခု။ "ဒါကြောင့်မို့လို့ ပါဝင်သင့်ပါဝင်ထိုက်တဲ့ပုဂ္ဂိုလ်တွေ ပါရမယ်။ အဓိကပုဂ္ဂိုလ်တွေ (Key Player) တွေ ပါရမယ်။ အစိုးရ ပါရမယ်။ တပ်ပါရမယ်။ အပစ်အခတ်ရပ်စဲရေး တပ် မပါလို့ မရဘူး။ ပြည်သူ့ကိုယ်စားလှယ်တွေ ပါဖို့။ တဖက်ကလည်းပဲ တိုင်းရင်းသားတွေ လက်နက်ကိုင် အဖွဲ့အစည်းတွေ Key player တွေ၊ နောက်တခါ လက်နက်မကိုင်သော်လည်းပဲ အဲဒီနယ်တွေမှာ ရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒါ Key ပဲ။ Priority (ဦးစားပေး) ပဲ။ ဆက်ပြီးပွားမယ်ဆိုရင် အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (အန်ဂျီအို) တွေ ပါရတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ ပါရတယ်။ Expertise (နယ်ပယ်အလိုက်ကျွမ်းကျင်သူ)တွေ ပါရမယ်။ နောက်တခြား ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါရမယ်။ ဒီအချက်အလက်တွေ ပါဝင်ဖို့ အန်ကယ်တို့ Frame Work (မူဘောင်) ရှိပါတယ်။ "နောက်တခါ ဆွေးနွေးမယ့် ဘာသာရပ်။ ခုနပြောတဲ့ အန်ကယ်တို့ ချထားတဲ့ မူ ၄ ချက်ရှိတယ်။ တန်းတူရည်တူရေး ဆွေးနွေးရမယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဘာတွေ ပြဋ္ဌာန်းခွင့်ရှိမလဲ။ အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ ဘာတွေ ပြဋ္ဌာန်းဖို့ရှိလဲ။ အဲဒါတွေ ဆွေးနွေးရမယ်။ ၃၊ တိုင်းရင်းသားလူမျိုးတမျိုးအနေနဲ့ ရှင်သန်ရပ်တည်ပိုင်ခွင့်ရှိရေးဆွေးနွေးရမယ်။ သူတို့ရဲ့ ယဉ်ကျေးမှုထုံးတမ်း။ ၄၊ ဖွံ့ဖြိုးတိုးတက်မှုရှိရေး၊ စီးပွားရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဘယ်လောက်ရှိမလဲ ဘယ်လောက်ဖွံ့ဖြိုးအောင် လုပ်မလဲ၊ သူတို့ အခြေခံအဆောက်အအုံတွေ ဘယ်လောက် လုပ်မလဲ။ နောက်တခါ Resource (အရင်းအမြစ်) သယံဇာတတွေ ဘယ်လို ခွဲဝေမလဲ။ အကျိုးအမြတ် ဘယ်လို။ ဒါတွေက ခွဲဝေမှုနဲ့ ပတ်သက်လို့ ဆွေးနွေးရမယ့်သဘော ရှိတယ်။ ခုန ပြောသွားတာ ရှိတယ်။ ဘိန်းနဲ့ မူးယစ်ဆေးဝါးပပျောက်ရေးနဲ့ ပတ်သက်လို့ အဲဒါတွေက ဆွေးနွေးရမယ်။ Subject (အကြောင်းအရာ) တွေအနေနဲ့ သွားရမယ်။ နောက်တခါ   အပစ်အခတ်ရပ်စဲပြီးရင် တပ်တွေ နေရာချထားရေး၊ နယ်မြေသတ်မှတ်ပေးရေး ဒါတွေ လုပ်ပေးရမယ်။ ပြီးရင် Disarm လက်နက်တွေဘယ်လိုဖြုတ်မလဲ။ ဒါတင်မပြီးသေးဘူး။ (၃) ထွက်ပြေးနေတဲ့အဖွဲ့တွေ၊ ဒုက္ခသည်တွေ ဘယ်လို ပြန်ခေါ်ပြီး လုပ်မလဲ။ ခုနက မြေမြှုပ်မိုင်းတွေကိစ္စ၊ ဒါတွေပါ ဆွေးနွေးသင့်တယ်လို့ အန်ကယ်တို့ ယူဆတယ်။” နောက်ဆုံးမေးခွန်းတခုအနေနဲ့ ကျနော်တို့နိုင်ငံမှာ တယောက်တည်းသော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်တွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာခြင်း မရှိတဲ့အပေါ်မှာ အန်ကယ်အနေနဲ့ ဘယ်လိုထင်မြင်ချက်ပေးချင်ပါသလဲ။ “ဒေါ်အောင်ဆန်းစုကြည်က မပါပေမယ့် သူ့ပါတီက ပါနေတာပဲ၊ သူ့ပါတီ ပါနေတာပဲ။ အဲဒီတော့ သူ့ပါတီပါ နေတဲ့အတွက် အန်ကယ်တို့ကတော့ သူပါတယ်လို့ပဲ သဘောထားရမယ့် သဘော ရှိတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024