Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တခွင် မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရမိ
နန်းမြနဒီ
·
August 21, 2014
ထိုင်း-မြန်မာ ၂ နိုင်ငံနယ်စပ် မြန်မာဘက်ခြမ်း တာချီလိတ်ခရိုင်အနီးနဲ့ ထိုင်းဘက်ခြမ်း ချင်းရိုင်းခရိုင်တွေမှာ ခုလပိုင်းအတွင်း မူးယစ်ဆေးဝါးတွေရော၊ မူးယစ်ဆက်စပ် ပစ္စည်းတွေပါ ဆက်တိုက် ဖမ်းဆီးရမိနေပါတယ်။ [caption id="attachment_62909" align="alignright" width="300"]မယ်ဆိုင်မြို့တွင် ဒုရဲမှူးတဦးဆီကနေ မူယစ်ဆေး ဖမ်းဆီးရမိစဉ် မယ်ဆိုင်မြို့တွင် ဒုရဲမှူးတဦးဆီကနေ မူယစ်ဆေး ဖမ်းဆီးရမိစဉ်[/caption]မြန်မာဘက်ခြမ်းမှ အထူးသဖြင့် တာချီလိတ်ခရိုင်၊ ရွှေတြိဂံဒေသနဲ့ မိုင်းဆတ်ခရိုင် မယ်ကျူတ်ကျေးရွာနဲ့ ပူနားကိုကျေးရွာ စတဲ့ဒေသတွေမှာ ဇူလိုင် ၁၄ ရက်ကနေ သြဂုတ် ၁၉ ရက်နေ့ထိ စုစုပေါင်း ကျပ်သိန်းပေါင်း ၁ သန်း ၂ သိန်းကျော် တန်ဖိုးရှိ ရာဘမြင်းဆေး၊ ဘိန်းဖြူ နဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ တာချီလိတ်ခရိုင် မူးယစ်ရဲတပ်ဖွဲ့စု အမှတ် ၃၀ က ပြောပါတယ်။ ထိုင်းဘက်ခြမ်းမှာလည်း ခုရက်ပိုင်းအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမှုမှာ ကျွမ်းကျင်သူလို့ နာမည်ကောင်းရှိတဲ့ ဒုရဲမှူးတဦးဆီကနေ ရာဘမြင်းဆေး ၈ သိန်းနဲ့ အိုက်စ်ရေခဲမူးယစ်ဆေး ၁ ကီလိုဂရမ်ကို မယ်ဆိုင်မြို့နယ်တွင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သြဂုတ် ၁၉ ရက်နေ့က မယ်ဖာ့လုံမြို့နယ် ထိုတ်ထိုင်းကျေးရွာအုပ်စု ပြောင်းခင်းထဲမှာ မြှုပ်နှံထားတဲ့ ရာဘ အလုံးရေ ၅ သိန်းကျော်၊ ရေခဲဆေး ၇ ကီလိုဂရမ် နဲ့ ဘိန်းဖြူ ၃၅၀ ဂရမ်တို့ကို လက်နက်တွေနဲ့အတူ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။ ထိုင်းဘက်ခြမ်း နယ်စပ်တလျှောက် မူးယစ်ဆေးဝါး ဖမ်းဆီးရမိတိုင်း ထိုင်းရဲတွေက တဘက်နိုင်ငံက ၀င်လာကြောင်း၊ သူတို့ဘက်က ဘတ် ၅ သန်း ဆုငွေ ထုတ်ထားတဲ့ လားဟူပြည်သူ့စစ်က ဗိုလ်မှူးယီဆေးနဲ့ ဆက်စပ်တယ်လို့လည်း ပြောဆိုလေ့ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တာချီလိတ်ခရိုင် မူးယစ်ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးကတော့ ထိုင်းဘက်က သက်သေအထောက်အထား မခိုင်လုံဘဲ စွပ်စွဲနေတာသာ ဖြစ်ကြောင်း၊ လတ်တလော ဖမ်းဆီးရမိတဲ့ နယ်မြေမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လှုပ်ရှားသွားလာနေတဲ့ နယ်မြေဖြစ်ပေမယ့်လည်း ထုတ်ပြောလို့ မဖြစ်တဲ့အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။ “သူတို့က အထောက်အထားမခိုင်လုံဘဲ စွပ်စွဲတဲ့သဘောဖြစ်နေတာပေါ့နော်။ အဲဒီဒေသမှာ ဘယ်အဖွဲ့တွေရှိလဲဆိုတာ သိပေမယ့် ထုတ်ပြောလို့မကောင်းဘူးဗျ။” ထိုင်း-မြန်မာနယ်စပ်တခွင် မူးယစ်ဆေးဝါး ပပျောက်ရေးကို ၂ နိုင်ငံဆိုင်ရာ မူးယစ်ရဲတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုထားတာရှိပြီး ထိုင်းဘက်ခြမ်းက ဖမ်းမိတဲ့ အမှုတွေမှာ မြန်မာဘက်က လူတွေနဲ့ ပတ်သက်ရင် သွားရောက် စစ်ဆေးပေးရတာတွေ ရှိတယ်လို့ သူကဆက်ပြောပါတယ်။ ထိုင်းဒုရဲမှူးဆီက မူးယစ်ဆေးအမြောက်အမြား ဖမ်းမိတဲ့အမှုမှာ နောက်ထပ် ကွင်းဆက်တွေ ဖမ်းဆီးရမိဖို့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က မြန်မာမူးယစ်ရဲကို အကြောင်းကြား ထားတယ်လို့ ထိုင်းမူးယစ်ဆိုင်ရာ ရဲချုပ်က သတင်းထောက်တွေကို ပြောပါတယ်။ ဒီကိစ္စမှာ တာချီလိတ်မူးယစ်ရဲဘက်ကလည်း လောလောဆယ် ထိုင်းဘက်မှာ အရင်စစ်ဆေးနေတယ်လို့ ပြောပါတယ်။ “သူတို့ဘက်ကတော့ စစ်ဆေးနေတာပေါ့နော်။ စစ်ဆေးဖော်ထုတ်မှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ဆီကိုတော့ အပြည့်အစုံ မပို့ပေးသေးဘူး။ ကွင်းဆက်တွေဘာတွေ စုစည်းပြီးတော့ ပေါ်ပေါက်လာဖို့ကိုတော့ အိုအိုင်စီနဲ့ ဆက်သွယ်ပြီး တောင်းခံထားပါတယ်။” မြန်မာနိုင်ငံဟာ မက်တာအင်ဖိတာမင်းနဲ့ အိုင်းစ်လို့ခေါ်တဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ထုတ်လုပ်တဲ့ အဓိက ပင်ရင်းနိုင်ငံဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု ဆိုင်ရာရုံး (ယူအန်အိုဒီစီ) က သြဂုတ် ၂၀ ရက် အရှေ့နဲ့ အရှေ့တောင်အာရှဒေသ မူးယစ်ဆေးဝါးတားဆီးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြီး ကြေညာချက်ထုတ်ပြန်ထား ပါတယ်။ မြန်မာအစိုးရက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံကိန်းကို ၁၉၉၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်ထိ ၁၅ နှစ်စီမံကိန်း ချမှတ်ခဲ့ပေမယ့် လျာထားနှစ်မှာ ကင်းစင်နိုင်မယ့်အခြေ အနေမရှိတာကြောင့် ၂၀၁၉ ထိ နောက်ထပ် ၅ နှစ် တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024