ပူတာအိုနှင့် မချမ်းဘော စစ်ဘေးဒုက္ခသည်များ အစားအသောက် အခက်အခဲဖြစ်
DVB
·
August 21, 2014

ပူတာအိုနဲ့ မချမ်းဘောက စစ်ဘေးဒုက္ခသည်တွေဟာ ထောက်ပံ့ငွေ မလောက်တဲ့အတွက် အစားအသောက် အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းမှာ အင်ခါဂါးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ပူတာအိုနဲ့ မချမ်းဘောမြို့ကို ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည် အယောက် ၁၅၀ လောက် ရှိနေကြပါတယ်။
ပူတာအိုမြို့နယ်မှာ ဒုက္ခသည် မရှိဘူးလို့ အစိုးရက သတ်မှတ်ထားပြီး ကူညီ ထောက်ပံ့တာတော့ မရှိပါဘူး။
ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး၊ တပ်နဲ့ လ၀ကစတဲ့ အဖွဲ့အစည်း တွေကတော့ ဒုက္ခသည်စာရင်းတွေ အကြိမ်ကြိမ် ကောက်ယူတာ ရှိတယ်လို့တော့ သိရပါတယ်။
ဒါပေမယ့် ဒုက္ခသည်တွေကို အစိုးရကလည်း တရားဝင် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ မသတ်မှတ်ထားတဲ့အပြင် ဘယ်လို အကူအညီမျိုးကိုမှလည်း ကူညီထောက်ပံ့တာ မရှိပါဘူး။
ပူတာအိုခရိုင် နှစ်ခြင်းခရစ်ယာန်အသင်းတော်က ထောက်ပံ့တာရှိပြီး အကူအညီ လိုနေတယ်လို့ ဘာသာရေးဆရာတဦး ကပြောပါတယ်။
